realme က တန်ဖိုးနည်း C11 ကို ဖန်တီးနေပြီး မကြေညာရသေးတဲ့ Helio G35 Processor ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ realme အရင်က ထုတ်လုပ်ထားတဲ့ ဖုန်း ဒီဇိုင်းတွေနဲ့ ကွဲပြားနေပါတယ်။ realme က အဲဒီ ဖုန်းရဲ့ Teaser ဓါတ်ပုံတွေကို မျှဝေထားပြီး ၁ ပုံမှာ ဖုန်း အနောက်ဘက်ကို ပြသထားပေမယ့် ကင်မရာ နေရာကို ဖုံးကာထားပါတယ်။

အခုတော့ တွစ်တာမှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာပြီး ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းကို မြင်ရပါတယ်။ ဓါတ်ပုံအရ realme C11 မှာ တခြား realme C Series တွေမှာလို အရွယ်သေး Notch ထည့်ထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပေမယ့် အောက်က ဘောင်က နည်းနည်း ပိုထူပါတယ်။

အရင်မျိုးဆက်တွေနဲ့ အဓိက ကွဲပြားချက်က အနောက်ဘက်ပါ။ realme ဟာ Pixel 4 Series တွေနဲ့ နာမည်စကြီးလာတဲ့ လေးထောင့်ပုံစံ ကင်မရာအကွက်ကို သုံးထားပါတယ်။ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာ မပါပါဘူး။ အဲဒီအတွက် PIN, Password, Pattern တွေကိုပဲ သုံးရမှာပါ။

ပိုစတာအရ realme C11 မှာ ၆.၅ လက်မ မျက်နှာပြင်၊ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ Nightscape Dual ကင်မရာတွေ ပါလာမှာပါ။ အောက်ခြေမှာ နားကြပ်ပေါက် တပ်ဆင်ထားပြီး အညိုနဲ့ အစိမ်းရောင် တွေ့ရပါတယ်။ မလေးရှားမှာ မကြာခင် ရောင်းချနိုင်ပါတယ်။

Ref : gizmochina