TikTok ဟာ အမှု ရှုံးသွားတဲ့အတွက် အမေရိကန်မှာ TikTok ကို တကယ် Ban တော့မှာ ဖြစ်ပါတယ်။ အမေရိကန် တရားရုံးက နောက်နှစ် အစောပိုင်းမှာ TikTok ရဲ့ ပိုင်ရှင် ByteDance ဟာ ကုမ္ပဏီကို လက်လွှဲရောင်းချရမှာ ဖြစ်ပြီး အဲဒီလိုမှ မလုပ်ရင် Ban မယ်လို့ အမိန့်ထုတ်ထားပါတယ်။

ByteDance ဟာ အမေရိကန်မှ TikTok လုပ်ငန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ မတိုင်ခင်မှာ ရောင်းချရမှာ ဖြစ်ပြီး မပြုလုပ်ရင် အမေရိကန်မှာ TikTok ကို ပိတ်ပင်မှာ ဖြစ်ပါတယ်။

အမေရိကန် တရားရေး ဌာနက တရုတ် ကုမ္ပဏီ ပိုင်တဲ့ TikTok ဟာ အမေရိကန် နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများစွာကို ရယူနေပြီး နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ပြောထားပါတယ်။ တရုတ်ဟာ TikTok ကနေ အမေရိကန် User တွေရဲ့ သတင်းအချက်အလက်တွေကို အသုံးချသွားနိုင်တယ်လို့ ပြောပါတယ်။
ByteDance က အမေရိကန်မှ TikTok လုပ်ငန်းကို မရောင်းရင် Apple App Store နဲ့ Google Play Store မှာ TikTok ကို တင်ထားတာကို ပိတ်ပင်မှာ ဖြစ်သလို Internet Service Provider တွေဟာ TikTok ကို ထောက်ပံ့နေတာကို ရပ်နားရမှာ ဖြစ်ပါတယ်။
TikTok နဲ့ ByteDance က ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘဲ အမေရိကန်ရဲ့ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အခွင့်အရေးကို ချိုးဖောက်တာလို့ ပြောထားပါတယ်။
Ref : Indian Express
 
											
				 
									 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				