TikTok ဟာ ကမ္ဘာတစ်ဝန်းလုံးက စမတ်ဖုန်းအသုံးပြုသူတွေကြားမှာ လူကြိုက်များရေပန်းစားနေဆဲဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။ အထူးသဖြင့် ဖျော်ဖြေရေးနဲ့ကျော်ကြားမှုကိုနှစ်သက်ကြတဲ့လူငယ်အများစုရဲ့စိတ်အာရုံကို TikTok က ဆုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်အပါအဝင် နိုင်ငံအချို့ဟာ TikTok ကို နိုင်ငံရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း ပိတ်ပင်မှုတွေပြုလုပ်လာကြပေမဲ့လည်း ဒီဖျော်ဖြေရေးပလက်ဖောင်းဟာ ပရိသတ်အခိုင်အမာရရှိနေဆဲဖြစ်ပါတယ်။ ဒါကို TikTok ကို လက်ရှိအချိန် လစဉ်အသုံးပြုသူ ၁ ဘီလီယံရှိကြောင်း ကြေညာချက်က သက်သေပြနေပါတယ်။

တရုတ်ကုမ္ပဏီဖြစ်တဲ့ဆိုတဲ့ အချက်နဲ့တင် ByteDance ဟာ အမေရိကန်ဈေးကွက်ကို လက်လွှတ်ရလုနီးပါးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ TikTok ကို လုံးဝရောင်းချလိုက်တာမဟုတ်ဘဲ အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ထွက်ပေါက်ကို တွေ့ရှိသွားပါတော့တယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းခြင်းနဲ့ သူလျှိုလုပ်ခြင်းဆိုင်ရာသံသယနဲ့ အပြင်းအထန်စစ်ဆေးခြင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

သမ္မတဟောင်း ထရမ့်လက်ထက်မှာ ကြီးမားတဲ့အကျပ်အတည်းကို ကြုံတွေ့ခဲ့ရတဲ့ TikTok ဟာ လက်ရှိသမ္မတ ဘိုင်ဒင်လက်ထက်မှာတော့ ဆွေးနွေးမှုရလဒ်ကောင်းအချို့နဲ့ ခရီးဆက်နေနိုင်တာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း TikTok ကို ယှဉ်ပြိုင်ဖို့ Instagram ရဲ့ Reels နဲ့ YouTube Shorts စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီယှဉ်ပြိုင်မှုတွေက TikTok ကို ပိုပြီးကောင်းလာစေမလား၊ ဒါမှမဟုတ် စွန့်ခွာသူများပြားသွားစေမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena