အခုနောက်ပိုင်းမှာ သန့်စင်တဲ့လျှပ်စစ်စွမ်းအင်ကို ပိုမိုအသုံးချနိုင်ဖို့ နိုင်ငံတွေအများအပြားက ကြိုးစားဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဂျပန်နိုင်ငံကနေ မြို့တော်ဖြစ်တဲ့ တိုကျိုမြို့အတွက် စီမံချက်အသစ်ကို ချမှတ်လိုက်ပါပြီ။

ဒါကတော့ လာမယ့် ဧပြီလ ၂၀၂၅ ခုနှစ်က စတင်ပြီးတော့ တိုကျိုမြို့အတွင်းမှာ ဆောက်လုပ်မယ့် အိမ်ရာပရောဂျက်တွေအကုန်လုံးမှာ နေရောင်ခြည်စွမ်းအင်အတွက် Solor Panel တွေကို မဖြစ်မနေတပ်ဆင်သွားဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဒါက တစ်မြို့လုံးအတိုင်းအတာဖြစ်တာကြောင့် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာမှာဖြစ်တဲ့အပြင် နောက်ပိုင်းမှာ တခြားသောမြို့တွေမှာပါ ကျင့်သုံးလာမယ်လို့ ခန့်မှန်းရပါတယ်။

ဂျပန်နိုင်ငံအစိုးရရဲ့ သတ်မှတ်ချက်အရ အကျယ် မီတာ ၂,၀၀၀ အထက်ရှိတဲ့ အိမ်ရာတွေအကုန်လုံးဟာ Solar Panel သို့မဟုတ် ပြန်လည်ရယူသုံးစွဲနိုင်တဲ့ စွမ်းအင် (Renewable Power Source) တစ်ခုခုကို တပ်ဆင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုပြောင်းလဲမှုကနေတစ်ဆင့် နောက်ပိုင်းမှာ တိုကျိုမြို့ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွေကို ထက်ဝက်အထိ လျော့ချနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုအများဆုံးနိုင်ငံတွေထဲမှာ နံပါတ် (၅) နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ၂၀၅၀ ခုနှစ်မှာစတင်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကင်းစင်တဲ့နိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွားမယ်ဆိုပြီး ကတိပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး ပြောင်းလဲမှုတွေဟာ ပထမဆုံးသောခြေလှမ်းတွေလို့တောင် ပြောနိုင်ပါတယ်။

Ref – Engadget