ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် MWC 2020 လည်း ဖျက်သိမ်းခဲ့ရသလို၊ စမတ်ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ လည်ပတ်မှုအရှိန်လည်း အနည်းငယ်နှေးကွေးခဲ့ရပါတယ်။ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ကလည်း မရပ်တန့်နိုင်သေးတာကြောင့် ကိန်းဂဏန်းတွေက တိုးတက်သင့်သလောက် မတိုးတက်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဘယ်လိုပဲဆိုဆို ထိုင်ဝမ်အခြေစိုက် Semiconductor ထုတ်လုပ်မှုလုပ်ငန်းကြီးကတော့ သိပ်မဝေးတဲ့အနာဂတ်မှာ ပိုပြီးကြီးထွားခိုင်မာလာတော့မယ့် အခြေအနေကောင်းတစ်ရပ်ကို မြင်တွေ့နေရပါပြီ။ TSMC ဟာ သူ့ရဲ့ Chip ထုတ်လုပ်ရေးလုပ်ငန်းကြီးအတွက် ဘီလီယံနဲ့ချီပြီး နှစ်မြှုပ်ထားတာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဒါရိုက်တာဘုတ်အဖွဲ့က ထုတ်လုပ်မှုစွမ်းရည်ပိုတိုးတက်စေဖို့အတွက် ဒေါ်လာ ၆.၇၄ ဘီလီယံ လျာထားမယ်လို့ ထပ်မံ ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုဟာ သူတို့ရဲ့ ဖောက်သည်တွေ Chip မှာယူကြတာကို ပြတ်တောက်သွားစေမှာမဟုတ်ဘူးလို့ TSMC က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အရင်းအနှီးအသုံးစရိတ်အတွက် ဒေါ်လာ ၁၀ ဘီလီယံကနေ ၁၁ ဘီလီယံကြား သုံးခဲ့သလို၊ ဒီနှစ်မှာလည်း ဒေါ်လာ ၁၄ ဘီလီယံကနေ ၁၅ ဘီလီယံကြား အသုံးပြုဖို့ လျာထားကြောင်း ပြီးခဲ့တဲ့လတုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ အတွက်အသုံးစရိတ်တွေထဲမှာ 5nm process chip အတွက်တင် ဒေါ်လာ ၂.၅ ဘီလီယံ ပါဝင်ပါတယ်။ 7nm chip တွေအတွက်တော့ ဒေါ်လာ ၁.၅ ဘီလီယံ သုံးစွဲမယ်လို့ သိရပါတယ်။ TSMC ဟာ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ဖို့စက်ရုံမရှိတဲ့ ကုမ္ပဏီတွေအတွက် ကိုယ်စားထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီရဲ့ ရင်းနှီးမတည်ငွေကိုကြည့်ပြီး အနာဂတ်စမတ်ဖုန်းဈေးကွက်မှာ Device တွေ ဘယ်လောက်ထိပိုများလာမယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

Apple, Qualcomm, Huawei နဲ့ အခြားဧရာမ နည်းပညာကုမ္ပဏီကြီးတွေကလည်း TSMC နဲ့ လက်တွဲကြရတာပဲ ဖြစ်ပါတယ်။ TSMC ဟာ ဒီနှစ်ဝက်ကစပြီး 5nm chip တွေကို ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၂၀ နှောင်းပိုင်းလောက်မှာ Apple A14 Bionic နဲ့ ယှဉ်ပြိုင်နိုင်မယ့် 5nm chip နဲ့ Android စမတ်ဖုန်းအမြောက်အများကို တွေ့မြင်လာရဖို့ မျှော်လင့်နိုင်ပါတယ်။

Ref: Phone Arena