Twitter ဟာ ကမ္ဘာပေါ်မှာ သတ္တမမြောက် လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာဖြစ်ပြီး အမျိုးသားတွေ အများဆုံး အဓိကထား အသုံးပြုတယ်လို့ သိရပါတယ်။ Twitter ရဲ့ User based ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တိုးတက်လာပြီး နှေးကွေးသွားမဲ့ အရိပ်အယောင်လည်း မတွေ့ရတာ ဖြစ်ပါတယ်။

WhizCase ရဲ့ သုတေသန အသစ်တစ်ခုအရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ Twitter အကောင့်ပေါင်း ၁၄ သန်း နီးပါးဟာ ဆိုင်းငံ့ခြင်းခံထားရတယ်လို့ သိရပါတယ်။ စာရင်းအင်းတွေအရ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အကောင့်ပေါင်း ၁၃.၇ သန်းကို အပြီးအပိုင် (ဒါမှမဟုတ်) ခေတ္တဆိုင်းငံ့ထားပြီး၊ အကောင့်ပေါင်း ၂၁ သန်းကိုတော့ ဆိုင်းငံ့ဖို့ ထည့်သွင်းစဉ်းစားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Tweet ပေါင်း ၂၄.၈ သန်းကိုလည်း ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။ Twitter ရဲ့ လိုက်လျောမှုနှုန်းဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်မတိုင်မီ ၅၁% ရှိခဲ့ပေမဲ့လည်း ၂၀၂၁ ခုနှစ်မှာတော့ ၂၇% ကို ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အကြောင်းအရာဖယ်ရှားရေးတောင်းဆိုချက်ပေါင်း ၉ သန်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဆိုင်းငံ့ထားတဲ့ အကောင့်အရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၆၇၀၀ ပဲ ရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ တစ်သန်းခွဲအထိ သိသိသာသာကို တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုးရွားဆုံးနှစ်ကတော့ ၂၀၁၉ ခုနှစ်ဖြစ်ပြီး အကောင့်ပေါင်း ၇.၈ သန်းကို ဆိုင်းငံ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ Twitter အကောင့်တွေ ဆိုင်းငံ့ခံရတဲ့ အဓိကအကြောင်းရင်းတွေက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အယောင်ဆောင်ခြင်းနဲ့ ထိရှလွယ်တဲ့ မီဒီယာအရေး တွေကြောင့် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အထိဆိုရင် Twitter အသုံးပြုသူအားလုံးရဲ့ ၅၆.၄% ဟာ အမျိုးသားတွေ ဖြစ်ကြပြီး ၄၃.၆% ကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ Twitter ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ပြီး Elon Musk ကတော့ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Ref: Gizchina