မိုဘိုင်း အပါအဝင် ဂိမ်းပလက်ဖောင်းပေါင်းစုံမှာ ဂိမ်းတွေထုတ်လုပ်နေတဲ့ Ubisoft Entertainment ကုမ္ပဏီဟာ Apple နဲ့ Google တို့ကို သူတို့ရဲ့ App Store တွေပေါ်မှာ Area F2 လို့ခေါ်တဲ့ ဂိမ်းတစ်ခုကို ဖြန့်ချိမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ Ubisoft ရဲ့အပြောအရ အဆိုပါဂိမ်းဟာ သူတို့ရဲ့နာမည်ကြီးအွန်လိုင်းဂိမ်းဖြစ်တဲ့ Rainbow Six: Siege ကို ကူးချထားတာလို့ ဆိုပါတယ်။

Area F2 ဂိမ်းကိုထုတ်လုပ်သူကတော့ Alibaba ရဲ့လက်အောက်က Ejoy.com တဖြစ်လဲ Qookka Games စတူဒီယိုကဖြစ်ပြီး ဒီဂိမ်းဟာ Google Play Store တစ်ခုတည်းပေါ်မှာတင် အကြိမ်ရေငါးသန်းကျော် Download ဆွဲယူခံရပြီး ဖြစ်ပါတယ်။ ဒါကို Ubisoft က ဆယ်စုနှစ်ချီ အောင်မြင်ခဲ့တဲ့ Rainbow Six စီးရီး အဖွဲ့ဝင်ရဲ့ Ripoff ဖြစ်တယ်လို့ စွပ်စွဲခဲ့တာပါ။

Ubisoft က Area F2 ဟာ Rainbow Six Siege (R6S) ကို ထပ်ပြီးကူးထားသလို တူညီကြောင်းနဲ့ ဒါကို ဖြန့်ချိလို့ မရဘူး ဆိုပြီး မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံမှာ စတင်လျှောက်ထားစွဲဆိုခဲ့တာပါ။ R6S ဟာ Ubisoft ပိုင်တဲ့ထဲက တန်ဖိုးအမြင့်ဆုံး ဉာဏပစ္စည်းတစ်ခုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုပုံအရတော့ မူရင်း Qookka Games စတူဒီယိုအစား ဖြန့်ချိခွင့်ပြုခဲ့တဲ့ Apple နဲ့ Google တို့ရဲ့ ပလက်ဖောင်းတွေကို တရားစွဲဆိုထားတာပါ။ Qookka Games ကို အရေးယူစွဲဆိုမှုလုပ်မလား ဆိုတာလည်း မသိရသေးပါဘူး။ Ubisoft က နည်းပညာကုမ္ပဏီကြီးနှစ်ခုကို အရင်အကြောင်းကြားခဲ့ပေမယ့် ဘာမှ အရေးမယူပေးခဲ့လို့ အခုလို စွဲဆိုရတာလို့လည်း သိရပါတယ်။ Rainbow Six Siege ဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အွန်လိုင်းမာလ်တီပလေယာ Tactical Shooter အမျိုးအစားဖြစ်ကာ Registered ပြုလုပ်ထားသူ ၅၅ သန်းနဲ့ နေ့စဉ်ကစားသူ သုံးသန်းကျော်ရှိတဲ့ ဂိမ်းကြီးတစ်ခုဖြစ်ပါတယ်။

Ref – AFKGaming