Apple ဟာ လက်ရှိအချိန်မှာ iPhone 14 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ iPhone 14 Series ဖုန်းတွေဟာ အရှေ့တုန်းက iPhone 12 Series မှာ စတင်အသုံးပြုခဲ့တဲ့ လေးထောင့်ပုံစံ Flat Design ကိုပဲ အခြေခံထားပြီး ဒီဇိုင်းပိုင်းအများကြီးပြောင်းလဲထားခြင်းမရှိပါဘူး။

ဒါပေမယ့် လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် iPhone 15 Series တွေမှာ ဒီဇိုင်းပိုင်းကို အဓိကပြောင်းလဲထားမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Leakster တစ်ဦးဖြစ်တဲ့ ShrimpApplePro ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ယခုထွက်ပေါ်လာတဲ့သတင်းအရ Apple ဟာ iPhone 15 Pro ဖုန်းမှာ ယခုထက်ပိုမိုပါးလွှာပြီး ဘေးဘောင်တွေကို ကွေးညွတ်ထားတဲ့ Curved Design ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ShrimpApplePro ရဲ့ ပြောကြားချက်အရတော့ iPhone 15 Pro ရဲ့ Display နဲ့ ဘေးဘောင်တွေဟာ လက်ရှိ Apple Watch Series 7 နဲ့ ဆင်တူမယ်လို့ သိရပါတယ်။

ဒါပေမယ့် Display အရွယ်အစားပိုင်းမှာတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ iPhone 15 နဲ့ iPhone 15 Pro ဖုန်းတွေမှာ 6.1″ Display နဲ့ iPhone 15 Plus နဲ့ iPhone 15 Ultra ဖုန်းတွေမှာ 6.7″ Display ကို ဆက်ပြီးအသုံးပြုသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာက အခုဒီဇိုင်းပြောင်းလဲမှုဟာ iPhone 15 Pro Series ဖုန်းတွေပဲဖြစ်နိုင်ပြီး ပုံမှန် iPhone 15 Series က လက်ရှိ Flat Design ကိုပဲ ဆက်လက်အသုံးပြုသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China