Motorola က ဇန်နဝါရီလမှာ Moto G Power (2021) ကို ကြေညာခဲ့တဲ့အတွက် မျိုးဆက်သစ်ကို ချပြဖို့ အရမ်း နီးကပ်နေပါပြီ။ အဲဒီ ဖုန်း နာမည်က Moto G Power 2022 ဖြစ်ပြီး အခုတော့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။
နောက်နှစ်မှာ ကြေညာမယ့် Moto G Power 2022 မှာ ဒီဇိုင်းအပိုင်းကို ဆန်းသစ်ထားပြီး အနောက်ကင်မရာတွေကို ဘယ်ဘက်ထိပ်မှာ တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်မှာတော့ အလယ်မှာ ထားရှိထားတာပါ။ မျက်နှာပြင်အောက်ခြေက ဘောင်တွေဟာ အရင်မျိုးဆက်ထက် ပိုထူနေတာ မြင်ရပါတယ်။
Moto G Power 2022 မှာ လက်ဗွေရာ ကိရိယာကို အနောက်ဘက်က M Logo အောက်မှာ မြှပ်နှံထားမယ်လို့ သတင်းထွက်နေပြီး IP52 ရေစိုခံ စံနှုန်း ထည့်သွင်းထားနိုင်ပါတယ်။ အခုထွက်လာတဲ့ သတင်းအရ Qualcomm ရဲ့ တန်ဖိုးနည်း SoC မောင်းနှင်ထားနိုင်ပြီး အရင်သတင်းတွေမှာတော့ MediaTek ရဲ့ Helio G37 သို့မဟုတ် G35 Chip ပါလာမယ်လို့ ဖော်ပြထားကြပါတယ်။
4GB RAM နဲ့ 64GB Storage ထည့်သွင်းထားနိုင်ပြီး Android 11 မောင်းနှင်ထားနိုင်ပါတယ်။ မျက်နှာပြင်အကြောင်းပြောရရင် ၆.၅ လက်မ 720×1600 LCD နဲ့ 90Hz Refresh Rate ပါလာနိုင်ပါတယ်။
အနောက်ဘက် ပင်မ ကင်မရာဟာ 50MP ဖြစ်ပြီး 2MP Depth Sensor နဲ့ အားဖြည့်ထားနိုင်ပါတယ်။ တတိယ ကင်မရာ အကြောင်းကို မသိရသေးပေမယ့် 2MP Macro ဖြစ်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 8MP တပ်ဆင်ထားနိုင်ပြီး 10W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ နားကြပ်ပေါက်နဲ့ NFC ထည့်သွင်းထားနိုင်ပြီး အရွယ်အစား အပြည့်အစုံက 167.24 x 76.54 x 9.36 mm ဖြစ်ပါတယ်။
Ref : gsmarena