Ormeus Coin လို့ လူသိများတဲ့ ဒစ်ဂျစ်တယ်တိုကင်ဟာ လက်လီရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အဆိုပါဒစ်ဂျစ်တယ်ငွေကြေး အမှုဆောင်ကို ရာဇဝတ်မှုဆိုင်ရာစွဲချက်တင်ခဲ့ပြီး သူ့ညီအစ်မတော်သူကိုတော့ အရပ်ဘက်ဆိုင်ရာစွဲချက်တင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ မှာဖြစ်ပွားခဲ့ပြီး Manhattan ဖက်ဒရယ်တရားရုံးမှာတင်သွင်းထားတဲ့စာတမ်းတွေအရ John Barksdale ဟာ Wrmeus Coin ရဲ့ Mining assets တန်ဖိုးနဲ့ အမြတ်အစွန်းတွေကို လိမ်လည်ခဲ့တယ်လို့ သိရပါတယ်။ ဒီ Coin ဟာ ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိ Mining operation ကျောထောက်နောက်ခံဖြစ်ပြီး လစဉ်ဝင်ငွေ ဒေါ်လာ ၅ သန်းကျော်ဖြစ်ပါတယ်။

Braksdale နဲ့ သူ့ရဲ့ညီမ JonAtina Barksdale တို့ဟာ Ormeus Coin ရဲ့ မသမာတဲ့မှတ်ပုံတင်ကမ်းလှမ်းမှုတွေပြုလုပ်ခြင်းကြောင့် Securities and Exchange Commission က သီးခြားစွဲချက်တင်ထားတာကိုလည်း ခံနေရပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး Barksdales ဟာ သူတို့ရဲ့ Multi-level marketing ကုမ္ပဏီ Ormeus Global SA ကတစ်ဆင့် ရင်းနှီးမြှုပ်နှံသူ ၂ သောင်းထံက ဒေါ်လာ ၁၂၄ သန်းစုဆောင်းခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာကို ခရီးသွားလာခြင်း၊ အိမ်ခြံမြေနဲ့ အခြားကိုယ်ရေးကိုယ်တာသုံးစွဲမှုတွေမှာ အသုံးပြုခဲ့တယ်လို့ SEC က ဆိုပါတယ်။

အာဏာပိုင်တွေရဲ့ပြောဆိုချက်အရ သူတို့မောင်နှမဟာ Roadshows တွေ၊ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် Ormeus Coin ကို အရောင်းမြှင့်တင်ခဲ့ပြီး မန်ဟက်တန်က Times Square jumbotron မှာ “တရားဝင်စာရင်းစစ်ဆေးမှုနဲ့အတူ Ormeus Coin ရဲ့ ဒေါ်လာသန်း ၂၅၀ တန် Cryptocurrency Mining Farm” ကို ထုတ်ဖော်ပြသခဲ့သေးတယ်လို့ သိရပါတယ်။

John Barksdale ကို ဖမ်းဆီးပြီး လုံခြုံရေးလိမ်လည်မှု၊ ကြေးနန်းလိမ်လည်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ စွဲချက်တင်ထားပြီး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၆၅ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ သူတို့မောင်နှမ နှစ်ယောက်စလုံးဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ကြပြီး အသက် ၄၁ နှစ်အရွယ် John Barksdale က ထိုင်းနိုင်ငံမှာ နေထိုင်ပြီး၊ အသက် ၄၅ နှစ်အရွယ် JonAtina Barksdale က ဟောင်ကောင်မှာ နေထိုင်ခဲ့တယ်လို့ SEC က ပြောပါတယ်။

Ref: CNN BUSINESS