Huawei နဲ့ ZTE တို့ကို အမျိုးအသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် FCC က သတ်မှတ်လိုက်ပြီးတဲ့နောက် အမေရိကန်ဟာ သူတို့ရဲ့ တယ်လီကွန်းပစ္စည်းတွေကို နိုင်ငံရဲ့ ကွန်ရက်ကနေ ဖယ်ရှားဖို့ လုပ်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Huawei နဲ့ ZTE တို့ရဲ့ အစိတ်အပိုင်းတွေကို အကုန်အစင်ဖယ်ထုတ်ပစ်ဖို့အတွက် အမေရိကန်အနေနဲ့ နောက်ထပ် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထပ်သုံးရဦးမယ်လို့ Reuters က ရေးသားဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စုဆက်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ Jessica Rosenworcel က ဥပဒေပြု အထက်လွှတ်တော်အမတ် Maria Cantwell ဆီပေးပို့တဲ့စာမှာ ကုန်ကျမဲ့ ငွေကြေးပမာဏကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“ကျိုးကြောင်းဆီလျှော်စွာနဲ့ ပံ့ပိုးပေးထားတဲ့ ခန့်မှန်းကုန်ကျစရိတ်အားလုံးကို ရန်ပုံငွေအဖြစ်ပေးမဲ့အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၄.၉၈ ဘီလီယံ လိုအပ်မှာဖြစ်ပြီး လက်ရှိလိုငွေပြနေတာက ၃.၀၈ ဘီလီယံလောက် ဖြစ်တယ်လို့” Jessica ရဲ့ စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

FCC ရဲ့ လျာထားချက်အရ တယ်လီကွန်းအော်ပရေတာတွေအနေနဲ့ သူတို့ရဲ့အခြေခံအဆောက်အဦတွေကနေ Huawei နဲ့ ZTE အမှတ်တံဆိပ် အစိတ်အပိုင်းတွေကို လုံးဝဖယ်ရှားပြီး အစားထိုးအစိတ်အပိုင်းတွေဝယ်ယူဖို့အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၈.၃ သန်းပမာဏ ရန်ပုံငွေထူထောင်ပေးဖို့လိုအပ်ပါတယ်။

ဒါပေမဲ့လည်း အခုအချိန်အထိ အစားထိုးမူဝါဒဟာ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံလောက်အထိပဲ စီမံခန့်ခွဲနိုင်ခဲ့ပြီး ဖယ်ရှားရေးအစီအစဉ်ကို ဘယ်လိုဘယ်ပုံ ထိထိရောက်ရောက်ဆောင်ရွက်နေလဲဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီတွေကလည်း အမေရိကန်အစိုးရက ပြန်ထုတ်ပေးမဲ့ငွေကို မရမချင်း သူတို့ရဲ့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ စက်ပစ္စည်းအစိတ်အပိုင်း အစားထိုးလုပ်ငန်းကို လုပ်ဆောင်ဦးမှာမဟုတ်ပါဘူး။ ကော်မရှင်အနေနဲ့ လာမဲ့ရက်တွေမှာ ခွဲဝေချပေးထားတာနဲ့အမျှ လျော်ကြေးတောင်းဆိုမှုတွေ စတင်တော့မယ်လို့ ဆိုပါတယ်။

Ref: Gizmochina