ဥရောပ ပါလီမန်တွေနဲ့ ညှိနှိုင်းရေးမှူးများရဲ့ ယာယီသဘောတူညီချက် အောင်မြင်ခဲ့တာကြောင့် EU ရဲ့ ဘုံအားသွင်းကိရိယာပန်းတိုင်ဟာ နောက်ထပ်ခြေတစ်လှမ်းနီးကပ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် ဆောင်းဦးရာသီမှာ ထင်ရှားတဲ့ အပြောင်းအလဲကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဆောင်းဦးရာသီကစပြီး EU မှာရောင်းချနေတဲ့ မိုလ်ဘိုင်းလ်ဖုန်း၊ တက်ဘက်တွေနဲ့ နားကြပ်တွေအပါအဝင် အသေးစားနဲ့ အလတ်စား သယ်ဆောင်ရလွယ်ကူတဲ့ အီလက်ထရွန်းနစ်စက်ပစ္စည်းအားလုံးကို USB-C အားသွင်းပေါက်နဲ့ တင်ပို့ရတော့မှာ ဖြစ်ပါတယ်။

e-readers, ခရီးဆောင်ဂိမ်းစက်တွေနဲ့ ကင်မရာတွေအပါအဝင် အီလက်ထရွန်းနစ်ထုတ်ကုန်အုပ်စု ၁၂ ခုရဲ့ စာရင်းကိုလည်း EU နယ်မြေတွေတစ်လျှောက် Universal Charging Standard ကို မျှဝေဖို့ တာဝန်ရှိတယ်လို့ သိရပါတယ်။ လက်ပ်တော့တွေကတော့ စည်းမျဉ်းသစ်ကိုလိုက်နာဖို့ အချိန် လ ပေါင်း ၄၀ (၃.၃ နှစ်) ရပါသေးတယ်။ အဲဒီနောက်မှာတော့ စည်းမျဉ်းသစ် စတင်အသက်ဝင်ပြီလို သတ်မှတ်ပါတယ်။

ဥပဒေသစ်ဟာ အဖွဲ့ဝင်နိုင်ငံတွေအတွင်း အီလက်ထရွန်နစ်ထုတ်ကုန်တွေရောင်းချရာမှာ ရေရှည်တည်တံ့စေဖို့နဲ့ စားသုံးသူတွေကို သူတို့ရဲ့ စက်ပစ္စည်းအားလုံးအတွက် အားသွင်းကိရိယာတစ်ခုတည်းကို သယ်ဆောင်သွားနိုင်ဖို့ ကူညီပေးသလို၊ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေကိုလျှော့ချရာမှာလည်း အထောက်အကူဖြစ်မယ်လို့ EU က မျှော်လင့်ထားပါတယ်။

လက်ရှိယာယီဘောတူညီချက်ကို ဥပဒေပြဌာန်းချက်အဖြစ် ပြဌာန်းနိုင်ဖို့အတွက် ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ EU ပါလီမန်နဲ့ ကောင်စီ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့လည်း ဘုံအားသွင်းစံနှုန်းကို ထောက်ခံမဲအများစုနဲ့ အတည်ပြုနိုင်မဲ့ အလားအလာကောင်းတွေတွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena