The International ကာလကို ရောက်လာပြီ ဆိုရင် တစ်နှစ်လုံး ဘာမှ မမြင်ရတဲ့ Dota 2 ပရိသတ်တွေဟာ အခုနှစ် တစ်နှစ်အတွက် အကောင်းဆုံး Treasure တွေနဲ့ Battle Pass တစ်ခုကို စောင့်ရကျိုးနပ်စွာ ရရှိလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ဘေးကြောင့် Ti10 ကို မကျင်းပဖြစ်ပေမယ့် သူ့ရဲ့ Battle Pass ထဲမှာ Arcana အသစ်တွေ၊ Immortal Treasure Box သုံးခုနဲ့ Event တို့ ပါဝင်ခဲ့ပါတယ်။

ဒီထဲမှာ မထွက်ရသေးတာတော့ Battle Pass Level 575 ရောက်မှ ရရှိမယ့် Windranger Arcana, Treasure III နဲ့ Ti10 အတွက် ရည်ရွယ်ရောင်းချမယ့် Trove Carafe ဆိုတဲ့ Immortal Treasure Box နောက်တစ်မျိုးတို့ပဲ ဖြစ်ပါတယ်။ စက်တင်ဘာ လထဲမှာ Expire ဖြစ်တော့မယ့် Battle Pass ကြောင့် ကစားသူတွေဟာ ဒါတွေကို အမြန် တွေ့လိုနေပြီး Reddit မှာ ဘယ်တစ်ခုကို အရင်မြင်ချင်လဲလို့ ဆန္ဒကောက်ခံခဲ့ရာမှာ Dota 2 Developer တွေကပါ ဝင်ရောက် တုံ့ပြန်ရေးသားပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Valve ရဲ့ Developer တစ်ဦးဖြစ်တဲ့ Cameron_Dev က တုံ့ပြန်ခဲ့တာဖြစ်ပြီး အခုနှစ်မှာ ကိုဗစ်ဘေးကြောင့် လုပ်အားနှုန်း အကန့်အသတ်ရှိပြီး Trove Carafe ကို ထုတ်လုပ်ရောင်းချတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ရက်သတ္တပတ် တစ်ပတ် နှစ်ပတ် အတွင်းမှာ WR Arcana နဲ့ Treasure III တို့ကိုတော့ ထုတ်ပေးတော့မှာ ဖြစ်ကြောင်း ထပ်မံ သတင်းကောင်းပေးခဲ့ပါတယ်။ ဒီနှစ်ခုမှာ WR Arcana က အရင်ထွက်မှာ ဖြစ်ပြီး Treasure III ကို အချိန် အနည်းငယ် နောက်ကျပြီးမှ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Dota 2 Community ကတော့ သူတို့ လုပ်ကိုင်နေတာတွေနဲ့ ပြောင်းပြန် အလိုရှိနေပြီး WR Arcana ထက် Treasure III ကို အရင်မြင်ချင်တယ်လို့ ဆန္ဒပြုသူ အနည်းငယ် ပိုများခဲ့ပါတယ်။ ဒါ့အပြင် Trove Carafe 2020 မှာ ပါလာမယ့် Immortal Item အသစ်တွေကိုလည်း ရင်ခုန်နေကြမှာ အမှန်ပါပဲ။

COVID-19 ကြောင့် လုပ်အားနှုန်း ထိခိုက်သူတွေထဲမှာ Valve လည်း အပါအဝင်ပဲ ဆိုပေမယ့် Valve ဟာ Esports သမိုင်းတလျှောက် ဆုကြေးငွေ အများဆုံး ပြိုင်ပွဲတွေ နှစ်စဉ် ကျင်းပနိုင်အောင် အားပေးနိုင်တဲ့ ပရိသတ်တွေရှိနေတဲ့ Dota 2 ဂိမ်းကိုတောင် တစ်နှစ်ထက် တစ်နှစ် Event ထုတ်ပေးတာ နည်းပါးလာတာကြောင့် အစတည်းက အားစိုက်ထုတ်မှု သိပ်ပြီး အားရစရာ ကောင်းမနေတာပါ။

Ref – Dotesports