အခုနှစ်ထဲမှာ VR ဂိမ်းတစ်ခုအနေနဲ့ ထွက်လာမယ့် Half-Life: Alyx ဟာ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ဆိုင်းနေခဲ့တဲ့ Half-Life ဂိမ်းစီးရီးပရိသတ်တွေအတွက်တော့ လက်ခံနိုင်စရာ Sequel တစ်ခု မဟုတ်ပါဘူး။ ဒါ့ကြောင့် ထုတ်လုပ်သူတွေက Half-Life 3 အား စောင့်စားနေသူတွေအတွက် နောက်ထပ်မြင်တွေ့ရဦးမှာဖြစ်ကြောင်း အလျှင်အမြန်ဖြေသိမ့်ခဲ့ရပါတယ်။

Game Informer နဲ့ အင်တာဗျူးထဲမှာ Valve ရဲ့ Developer ဖြစ်သူ Robin Walker က Half-Life: Alyx ဟာ ဗီဒီယိုဂိမ်းသမိုင်းတလျှောက်မှာ လူကြိုက်အများဆုံးဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Half-Life အတွက်တော့ သွေးပူလေ့ကျင့်ခန်း ခြေလှမ်းအစတစ်ခုသာဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

“Half-Life 2 ကာလထဲက Valve မှာရှိနေခဲ့တဲ့ အဖွဲ့ဝင်တွေလည်း Half-Life: Alyx မှာ ပါဝင်ခဲ့ပါတယ်၊ တချို့ကတော့ မူလ Half-Life ဂိမ်းထဲက ရှိနေတဲ့သူတွေပါ” လို့ Walker က ဆိုပါတယ်။ ဒါ့အပြင် အခုမှ Half-Life ဂိမ်းကို စတင်လုပ်ကိုင်ဖူးသူတွေလည်း ပါဝင်တာကြောင့် အားလုံးက Alyx ကို နောက်ဆုံးမဖြစ်စေဖို့ မျှော်လင့်နေကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Valve ကိုယ်တိုင်ကလည်း Half-Life စီးရီးဟာ အားပေးသူပရိသတ်တွေလိုပဲ Valve အတွက်လည်း အင်မတန် အဓိပ္ပါယ်ရှိတဲ့ အရာဖြစ်ကြောင်းပြောကြားခဲ့ပြီး Half-Life: Alyx အတွက် ဒီကာရိုက်တာဟောင်းတွေ၊ ဆက်တင်တွေနဲ့ Game Mechanics တွေကို ပြန်လည်ထိတွေ့ရတာ အင်မတန်ပျော်ရွှင်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

Half-Life စီးရီး ပရိသတ်အများစုကတော့ ရိုးရာအတိုင်း ဒီဂိမ်းကို ပီစီကွန်ပြူတာပလက်ဖောင်းပေါ်မှာ First-person Shooter (FPS) စတိုင်လ်နဲ့ပဲ ထွက်လာစေချင်ပေမယ့် Valve က Alyx ကို Virtual-Reality (VR) ပလက်ဖောင်းအတွက် မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Half-Life ရဲ့ ကစားပုံဟာ VR ဂိမ်းစတိုင်လ်နဲ့ အလွန်လိုက်ဖက်တယ်လို့လည်း သူတို့က ယုံကြည်နေတာပါ။

Half-Life အတွက် VR ကိုပါ ရွေးချယ်ကြမယ့် ပရိသတ်တွေအတွက်လည်း Alyx ဂိမ်းဟာ ပိုမိုကြီးမားကျယ်ပြန့်လာမယ့် Half-Life ဇာတ်လမ်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ Valve က ပြောထားပါတယ်။ ဒီဂိမ်းဟာ Half-Life 2 ထဲက Gordon Freeman ပြန်မလာခင်မှာ အခြေခံထားတာဖြစ်ပြီး Alyx ကို မဆော့ခင် Half-Life 2 မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်ကြည့်ဖို့လည်း Valve က တိုက်တွန်းထားတယ်။ Half-Life: Alyx ကိုတော့ မတ်လ ၂၃ ရက်နေ့မှာ စတင်ရောင်းချတော့မှာပါ။

Ref – ONE Esports