လူကြိုက်အများဆုံး Esports အမျိုးအစားတွေဖြစ်တဲ့ Counter-Strike: Global Offensive နဲ့ Dota 2 တို့ရဲ့ ပိုင်ရှင် Valve Software ဟာ တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိတဲ့ အကြီးမားဆုံး Dota 2 ပြိုင်ပွဲ “The International” ကို အိုလံပစ်ပြိုင်ပွဲတွေလို အိမ်ရှင်လျှောက်ထားမှုတွေကနေ ရွေးချယ်သွားမယ်လို့ အခုနှစ်မှာ စတင်ကြေညာလာခဲ့ပါတယ်။

မကြာသေးခင်က Dota 2 Season တွေကို အမှတ်ပေးလိဂ်ပုံသဏ္ဍာန်ပြောင်းလဲကျင်းပမယ် ဆိုတဲ့ သတင်းထွက်လာပြီးနောက် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို အခုလိုထပ်မံကြေညာလာခဲ့တာပါ။ လျှောက်ထားလိုသူတွေဟာ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်။

“၂၀၁၁ ခုနှစ်က ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တဲ့ The International ပြိုင်ပွဲဟာ ကမ္ဘာ့အကြီးဆုံး Esports ပြိုင်ပွဲတစ်ခုဖြစ်လာပြီး ဆုကြေးငွေစံချိန်တွေကိုလည်း အကြိမ်ကြိမ်တင်ခဲ့ပါတယ်” လို့ Valve က သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ နိုင်ငံတကာမှ အားပေးကြည့်ရှုသူအရေအတွက်၊ ပွဲတွင်း တက်ရောက်ကြည့်ရှုသူ ပရိသတ်အရေအတွက်တွေဟာ NFL Superbowl နဲ့ U.S Open Golf ချန်ပီယံရှစ် ဖွင့်ပွဲကြီးတွေရဲ့ ကြည့်ရှုတက်ရောက်သူ ဦးရေကို အခုချိန်မှာ ယှဉ်နိုင်နေပြီလို့လည်း သူတို့က ဆိုပါတယ်။

အခုလိုခေါ်ယူခြင်းဖြင့် အကောင်းဆုံးပြိုင်ပွဲကွင်းနေရာအပြင် ဘဏ္ဍာရေးပိုင်းအတွက်ပါ အကျိုးအမြတ်ရရှိလာနိုင်ပါတယ်။ အကြီးဆုံး Esports ပြိုင်ပွဲတွေထဲက တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရတဲ့အတွက် အဆိုပါမြို့ကို ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာမှာဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်မှုအဖြစ်လည်း အသုံးချနိုင်ကြောင်း Valve က တိုက်တွန်းထားပါတယ်။

သက်သေအနေနဲ့ ကနေဒါနိုင်ငံ၊ ဗန်ကူးဗါးမြို့မှာ The International 2018 ပြိုင်ပွဲလက်ခံကျင်းပခဲ့စဉ်က ဒီပြိုင်ပွဲကနေ ဆက်စပ်ပြီး မြို့တော်ရဲ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၈ သန်း တိုးတက်ခဲ့တာကို ဖော်ပြထားပါတယ်။ တစ်နှစ်မှာတစ်ခါ ကျင်းပလေ့ရှိတဲ့ ဒီပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ်ကတော့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ပွဲကြည့်လက်မှတ်တွေကို စက္ကန့်ပိုင်းအတွင်း အကုန်အစင်ရောင်းချနိုင်ခဲ့ပါတယ်။

အခုနှစ် The International 2020 ပွဲကိုတော့ ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်းမှာ လာမယ့် သြဂုတ်လအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

Ref – Polygon