စားသုံးသူစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူအများစုက နည်းပညာတိုးတက်မှုသည် သတင်းအချက်အလက်ကို လွယ်ကူစွာရရှိနိုင်ခြင်း၊ ပညာရေးနှင့် ဘဝအရည်အသွေး ပိုမိုမြင့်မားစေသည်ဟု ယုံကြည်ကြကြောင်း ဖြေဆိုကြသည်။

နည်းပညာကုမ္ပဏီများသည် COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း တိုးတက်မှုအခွင့်အလမ်းနှင့် ဝင်ငွေကို ရှာဖွေနေကြရပြီး နေထိုင်သွားလာမှု ကန့်သတ်ခံထားနေရစဉ်တွင် နည်းပညာအပေါ် မှီခိုနေရသောကြောင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြသည်။

မြန်မာနိုင်ငံမြို့ကြီးများတွင် COVID 19 ရောဂါ မဖြစ်ပွားမီက ပြုလုပ်ခဲ့သော နည်းပညာသုံးစွဲသူ စစ်တမ်းကောက်ယူမှု အစီရင်ခံစာတွင် နည်းပညာကဏ္ဍအပေါ် အပြုသဘောဆောင်သည့် သဘောထားနှင့် နည်းပညာကုမ္ပဏီများအနေဖြင့် ဘဝများစွာအတွက် ရှုထောင့်အမျိုးမျိုးမှ တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက်မြင့်မားမှုကို ဖော်ပြသည်။

သုတေသနကုမ္ပဏီ InsightAsia နှင့် Public Relation နှင့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးအေဂျင်စီ Vero တို့မှ ပြုလုပ်သော စစ်တမ်းအရ ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်က နိုင်ငံအတွင်း နည်းပညာတိုးတက်လာမှုသည် သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်ကြောင်း ဖြေဆိုခဲ့ကြသည်။ ထို့အပြင် စစ်တမ်း ဖြေဆိုသူ ၃ ဦးတွင် ၂ ဦးက နည်းပညာသည် ပညာရေး၏ အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေသည်ဟု ယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြပြီး ၆၄ ရာခိုင်နှုန်းက ဘဝအတွက် အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေသည်ဟု ဆိုကြသည်။

Vero Asean ၏ မန်နေးဂျင်းဒါရိုက်တာ Brian Griffin က “နည်းပညာဟာ လူစုလူဝေးတွေကို ရှောင်ကျဉ်ဖို့ တင်းကျပ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ စီးပွားရေးကို ဆက်လက်တည်မြဲစေနိုင်ပြီး နည်းပညာကုမ္ပဏီတွေဟာ ဆန်းသစ်တဲ့ ဖြေရှင်း နည်းတွေကို သူတို့ တက်နိုင်သလောက် လုပ်ဆောင်လာကြပါတယ်။ Covid-19 နောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူ အပြုအမူတွေကို ပြုပြင်ပြောင်းလဲရန် အလားအလာရှိတာမိုလို့ နေ့စဉ်ဘဝမှာ နည်းပညာပိုင်းဟာ ပိုမိုတိုးတက်လာတာကို တွေ့ရ ပါလိမ့်မယ်” ဟု ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။

စစ်တမ်းဖော်ပြချက်အရ မြန်မာနိုင်ငံသား ၆၁ ရာခိုင်နှုန်းက နည်းပညာတိုးတက်မှုသည် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီး ပေးသည်ဟု ယုံကြည်ကြသည်။ တစ်ဦးချင်းဆီအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း ယခု အချိန်တွင် ယခင်ကထက် ဒီဂျစ်တယ်နည်းပညာကို အားကိုးနေရချိန်ဖြစ်သည်။ ဖြေဆိုသူများ၏ ၇၀ ရာခိုင်နှုန်းက နည်းပညာ ထုတ်ကုန်များနှင့် ပတ်သက်၍ အပြုသဘောဆောင်သော အကောင်းမြင်သည့် ခံစားချက်များရှိကြောင်း ဖြေဆိုခဲ့ကြပြီး ၃ ရာခိုင်နှုန်း ခန့်ကသာ နည်းပညာထုတ်ကုန်များအပေါ် အဆိုးမြင်သည်ဟု ဖြေဆိုခဲ့ကြသည်။

နည်းပညာတိုးတက်မှု၏ အကျိုးကျေးဇူးများရှိသော်လည်း နည်းပညာအသုံးချကာ မသမာသော လုပ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ရှိနေကြသည်။ ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက အချို့သောသူများသည် မကောင်းမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အပြုအမူများအတွက် နည်းပညာကို အသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြပြီး ထက်ဝက်ကျော် (၅၃ ရာခိုင်နှုန်း) က ဆိုရှယ်မီဒီယာတွင် သတင်းအတုများရှိသည်ဟု ယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြသည်။ Facebook ၏ CEO ဖြစ်သူ Mark Zuckerberg ၏ မကြာသေးမီက ထုတ်ပြန်ချက်များတွင် ၎င်း၏ Facebook သည် နိုင်ငံရေးမိန့်ခွန်းနှင့် ကြော်ငြာများကို စစ်ဆေးခြင်းမဟုတ်ပါဟု ဖော်ပြချက်တွင် ပါရှိခဲ့သည်။

“မြန်မာနိုင်ငံသားတွေဟာ နည်းပညာကို အရင်ကထက်ပိုပြီး တန်ဖိုးထားသုံးစွဲလာကြပေမယ့် နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ နည်းပညာကုမ္ပဏီတွေက ဆိုက်ဘာပြစ်မှု၊ ဒေတာလုံခြုံမှုနဲ့ သတင်းအမှားတွေစတဲ့ ဆိုးကျိုးတွေကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ဘယ်လိုကြိုးစားနေကြတယ်ဆိုတာ လူတွေသိချင်ကြပါတယ်။ နည်းပညာကုမ္ပဏီအများစုအနေနဲ့လည်း ဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ လိုအပ်ကြောင်းကို သိရှိပြီးတော့ သုံးစွဲသူတွေကို ကာကွယ်ပေးဖို့အတွက် သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ပိုမိုမြှင့်တင်လုပ်ဆောင်လာလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု Vero Myanmar ၏ Account Director ဖြစ်သူ Skylar က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နည်းပညာပိုင်းကို အသက်အရွယ်အပိုင်းအခြားအလိုက် တတ်သိနားလည်မှု ကွာခြားမှုရလဒ်ကြောင့် ဈေးကွက် ဆက်သွယ်ရေးကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအတွက် ဦးတည်သော နည်းလမ်းသည် သုံးစွဲသူ၏ အသက်အရွယ်အပေါ်တွင် များစွာ မူတည်နေသည်။ ကမ္ဘာနေရာအနှံ့အပြားတွင် ရှိနေသော မိုဘိုင်းထုတ်ကုန်များနှင့် အင်တာနက် သုံးစွဲမှုခေတ်တွင် ကြီးပြင်းလာသော လူငယ်များသည် ၎င်းတို့ထက် အသက်အရွယ်ကြီးသူများနှင့် ကွဲပြားခြားနားသော အမြင် ရှိသည်။ စစ်တမ်းမှ ဖော်ပြချက် ဥပမာတစ်ခုအရ Gen Z ၏ ၄၀ ရာခိုင်နှုန်းသည် နည်းပညာထုတ်ကုန်ပစ္စည်းများကို အွန်လိုင်း ပေါ်တွင် နှိုင်းယှဉ်မှုပြုလုပ်ကြပြီး Gen X ၏ ၅ ရာခိုင်နှုန်းကသာ ထိုသို့ ပြုလုပ်ကြကြောင်း သိရှိရသည်။

နည်းပညာကုမ္ပဏီတွေဟာ အစည်းအဝေးစီစဉ်တာတွေကနေ အစားအစာပို့ဆောင်တာတွေအထိ လူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ သူတို့ရဲ့ လုပ်ငန်းစွမ်းအားကို လုပ်ဆောင်ကြပါတယ်။ COVID-19 အကျပ်အတည်းကာလအတွင်း ဝန်ဆောင်မှုတွေဟာ ကျွန်တော်တို့ရဲ့ အခြေအနေမှန်အသစ်အတွက် အခြေခံအုတ်မြစ်ဖြစ်လာပါတယ်” ဟု InsightAsia Thailand မှ သုတေသနမန်နေဂျာ Barkha Narula က ပြောကြားခဲ့သည်။ “ကူးစက်ပျံ့နှံ့မှုအပြီးမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဖြစ်နည်းပညာလုပ်ငန်းဟာ IoT ကဲ့သို့သော ဆန်းသစ်တီထွင်မှုတွေကြောင့် ပိုမိုပြိုင်ဆိုင်မှုရှိလာမယ်လို့ မျှော်လင့်မိပြီး ထိရောက်တဲ့ ဈေးကွက်ဆက်သွယ်ရေးနဲ့ လိုက်ပါ ပြောင်းလဲ လုပ်ဆောင်နိုင်တဲ့ စားသုံးသူတွေကို အားပံ့ပိုးမှု ဝန်ဆောင်မှုတွေဟာ ကုမ္ပဏီတွေကို ရပ်တည်မှု ကွဲပြားစေပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံအတွက် InsightAsia နှင့် Vero တို့မှ ပူးပေါင်းကာ ကောက်ယူထားသော Tech Consumer အစီရင်ခံကို https://vero-asean.com/vero-insightasia-tech-consumer-report/တွင် အခမဲ့ ဒေါင်းလုတ် ရယူနိုင်သည်။

နည်းဥပဒေသ။ ။ ဤလေ့လာမှုကို ၂၀၁၉ နွေရာသီမှစကာ ၂၀၂၀ ပြည့်နှစ် အစောပိုင်း (ဈေးကွက်အားလုံးအပေါ် COVID-19 အကျပ်အတည်း မသက်ရောက်မီ) အထိ Vero နှင့် InsightAsia တို့မှ အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်းရှိလူ ၃၀၀ ခန့်ကို ကောက်ယူခဲ့သော စစ်တမ်းဖြစ်သည်။

Source – Vero