Virgin Galactic တည်ထောင်သူ Richard Branson ဟာ ကုမ္ပဏီရဲ့ SpaceShipTwo အာကာသယာဉ်ကို စီးနင်းပြီး အာကာသသို့ အောင်မြင်စွာ ခရီးထွက်နိုင်ခဲ့ပါတယ်။ အဲဒီ အာကာသ ခရီးစဉ်ကို Unity 22 လို့ နာမည်ပေးထားပြီး ကုမ္ပဏီရဲ့ လေးကြိမ်မြောက် အာကာသ စမ်းသပ် ခရီးစဉ် ဖြစ်ပါတယ်။ Branson အတွက်တော့ ဒါဟာ ပထမဆုံး အာကာသ ခရီးစဉ် ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ အာကာသခရီးစဉ်ကို စောင့်စားနေတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ ဖြစ်ပါတယ်။

VSS Unity လို့လည်း ခေါ်တဲ့ SpaceShipTwo အာကာသယာဉ်ကို Virgin Galatic ရဲ့ WhiteKnight လေယာဉ်က သယ်ဆောင်သွားပြီး မြေပြင်က စတင်ထွက်ခွာအပြီး မိနစ် ၅၀ အကြာ အမြင့်ပေ ၄၅,၀၀၀ လောက်မှာ အာကာသယာဉ်ကို လွှတ်ချခဲ့တာပါ။ အဲဒီနောက်မှာ VSS Unity ဟာ Rocket Engine ၁ လုံးကို အသုံးပြုကာ ကမ္ဘာမြေအစွန်း အာကာသကို ခရီးဆက်ခဲ့တာပါ။ မြေပြင်အထက် ၅၃.၅ မိုင်အရောက် ကမ္ဘာမြေဆွဲအား ကင်းမဲ့သွားချိန်ပြီးနောက်မှာ အာကာသယာဉ်ဟာ နယူးမက္ကဆီကိုရှိ Spaceport America ကို ပြန်လည် ဆင်းသက်ခဲ့ပါတယ်။ အဲဒီနေရာဟာ Virgin Galactic ရဲ့ အနာဂတ် အာကာသ ခရီးစဉ်အတွက် ခရီးသည်တွေ ပို့ဆောင်၊ ဆင်းသက်မယ့် နေရာ ဖြစ်ပါတယ်။

TOPSHOT-US-SPACE-TOURISM-BEZOS-BRANSON

Branson ဟာ ကမ္ဘာမြေဆွဲအား ကင်းမဲ့သွားချိန်မှာ VSS Unity ရဲ့ Crew Members တွေနဲ့ ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး တစ်သက်မှာ တစ်ခါပဲ ကြုံရတဲ့ အတွေ့အကြုံလို့ ကမ္ဘာမြေပေါ်ပြန်ရောက်ချိန်မှာ ပြောခဲ့ပါတယ်။ ခရီးစဉ်မှာ Branson နဲ့အတူ ပိုင်းလော့နှစ်ယောက် ဖြစ်တဲ့ Dave Mackay ၊ Michael Masucci ၊ အာကာသယာဉ်မှူး ညွှန်ကြားသူ Beth Moses ၊ Operation Engineer အကြီးအကဲ Colin Bennett နဲ့ Government Affairs and Research Operations ဒုတိယ ဥက္ကဌ Sirisha Bandla တို့ လိုက်ပါသွားတာပါ။

Branson ရဲ့ အာကာသခရီးစဉ်အောင်မြင်သွားတဲ့အတွက် Virgin Galactic ရဲ့  အာကာသ ခရီးသည် အလည်အပတ် ပို့ဆောင်ရေး လုပ်ငန်းကို လူတွေ ပိုစိတ်ဝင်စားသွားမှာ သေချာပါတယ်။

Ref : theverge