ပြီးခဲ့တဲ့ရက်ပိုင်းကပဲ vivo S15e ရဲ့ specs အပြည့်အစုံဟာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ ကုမ္ပဏီကတော့ S15e နဲ့ပတ်သက်ပြီး Tease လုပ်ရုံပဲ ရှိသေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် S15e ရဲ့ နောက်မှာ နောက်ထပ်မိသားစုဝင်တွေအဖြစ် S15 နဲ့ S15 Pro တို့လည်းရှိနေသေးတယ်လို့ သတင်းတွေထွက်နေတာပါပဲ။

အခုလည်း vivo S15 Pro နဲ့ ပတ်သက်တဲ့သတင်းအချို့ ထွက်ပေါ်လာပါပြီ။ vivo S15 Pro ကို တရုတ်ရဲ့ 3C နဲ့ TENAA နှစ်ခုစလုံးမှာ Certification ရလာတာကို တွေ့မြင်နေကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအေဂျင်စီနှစ်ခုကနေတစ်ဆင့် vivo S15 Pro နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အချို့ကို သိလာရတာလည်း ဖြစ်ပါတယ်။

vivo S15 Pro မှာ 4,400mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး အားသွင်းမှုအတွက် 66W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ကျန်တဲ့အစိတ်အပိုင်းအဖြစ် MediaTek Dimensity 8100 SoC အသုံးပြုထားပြီး အနည်းဆုံးတော့ 8GB RAM နဲ့ 256GB storage တွေပါဝင်မယ်လို့လည်း ကောလာဟလ ထွက်ထားတာ ဖြစ်ပါတယ်။

S15e မှာ 90Hz ဒါမှမဟုတ် 120Hz refresh rate ရှိတဲ့ 6.62-inch AMOLED panel ကို အသုံးပြုထားမှာဖြစ်သလို Android 12 ကို Origin OS Ocean နဲ့ စတင်အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ ကျောဘက်မှာတော့ 50MP အဓိကကင်မရာ၊ 8MP ultrawide နဲ့ 2MP macro စတဲ့ ကင်မရာသုံးလုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။

အခုဖော်ပြထားတဲ့ အချက်အလက်အချို့က တရားဝင်ထွက်ပေါ်မလာသေးတဲ့ အသေးစိတ်အချက်အလက်တွေဖြစ်ပြီး vivo S15 Pro နဲ့ပတ်သက်တဲ့ ကျန်အချက်အလက်တွေဟာ လာမဲ့ရက်တွေနဲ့ ရက်သတ္တပတ်တွေမှာ ပိုပြီးတော့ ပေါက်ကြားလာမယ်လို့ မျှော်လင့်ရပါတယ်။ S15e ဟာ X80 မိသားစုနဲ့အတူ ဧပြီလ ၂၅ ရက်နေ့မှာ တရားဝင်ပွဲထွက်လာမှာဖြစ်ပေမဲ့ S15 နဲ့ S15 Pro တို့ကိုတော့ နောက်ပိုင်းရက်တွေမှ ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena