လက်ရှိအချိန်မှာ Android စမတ်ဖုန်းကုမ္ပဏီတွေအများစုဟာ Processor Chipset ပိုင်းအတွက် Qualcomm နဲ့ MediaTek ကို မှီခိုနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ ကိုယ်ပိုင် Chip တွေကို စမတ်ဖုန်းတွေအတွင်းမှာ ထည့်သွင်းနေကြပြီဖြစ်ပါတယ်။

Google ဆိုရင် ကိုယ်ပိုင် Tensor Chipset တွေကိုပဲ ပြောင်းလဲအသုံးပြုနေသလို OPPO နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေဟာလည်း Camera ပိုင်းအတွက် ကိုယ်ပိုင် Imaging Chip တွေကို အသုံးပြုနေပြီဖြစ်ပါတယ်။ အခုလည်း vivo ကနေ လာမယ့် Flagship ဖုန်းတွေမှာ အသုံးပြုလာမယ့် Mediatek Dimensity 9200 Chip နဲ့တွဲဖက်ပြီး AI ပိုင်း နည်းပညာတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကိုယ်ပိုင် V2 Chip ကို မိတ်ဆက်လိုက်ပါပြီ။​

vivo ဟာ အဆိုပါ V2 Chip ကို Dual-Core X Imaging Technology Communication Conference မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး MediaTek နဲ့ ပူးပေါင်းမှုတွေအများအပြားပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် vivo V2 Chip ဟာ MediaTek Dimensity 9200 Chipset နဲ့ပဲ တွဲဖက်အလုပ်လုပ်မှာဖြစ်ပြီး ချိတ်ဆက်မှုတွေကို အလွန်မြန်ဆန်စေဖို့အတွက် FIT Dual-core Connectivity နည်းပညာကို အသုံးပြုထားပါတယ်။​

ဒါပေမယ့် vivo V2 Chip ဟာ Hardware ပိုင်းဆိုင်ရာ Research နဲ့ Development တွေကို vivo ကုမ္ပဏီကနေပဲ ဆောင်ရွက်တာဖြစ်ပါတယ်။ V2 Chip ဟာ အစောပိုင်းတုန်းက vivo ကနေ ထုတ်လုပ်ခဲ့ဖူးတဲ့ V1 ၊​ V1+ Chip တွေထက် Memory ပိုင်း၊​ Feature ပိုင်းတွေ ပိုမိုစုံလင်မှာဖြစ်ပြီး AI ပိုင်းဆိုင်ရာ တွက်ချက်မှုတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။​ ဒီအတွက်ကိုလည်း DLA vivo AI Deep Learning Accelerator Module ကိုထည့်သွင်းပေးထားပြီး Large-capacity SRAM Cache Unit ပါဝင်တဲ့အတွက် ယခင်ထက် တွက်ချက်မှုတွေမှာ ပိုမိုသာလွန်မှာဖြစ်ပါတယ်။

AI ပိုင်းတင်မဟုတ်ဘဲ V2 Chip ဟာ High-end Image Engine ပုံမှန်ထက် Zoom ဓါတ်ပုံတွေမှာ အရည်အသွေးကို ၃၅ ရာခိုင်နှုန်းပိုကောင်းအောင် မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အလင်းရောင်နည်းပါးတဲ့အချိန်မှာ ဓါတ်ပုံရိုက်ကူးဖို့အတွက် RawEnhance 2.0 နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။​

ဘာပဲဖြစ်ဖြစ် vivo V2 Chip ဟာ မကြာခင်မိတ်ဆက်လာဖွယ်ရှိတဲ့ X90 Series ဖုန်းတွေမှာ ပါဝင်လာမှာဖြစ်ပြီး အဲ့ဒီအချိန်ကျမှပဲ တကယ်တမ်းဘယ်လောက်ထိ ပိုစွမ်းဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – Gizmo China