ပြီးခဲ့တဲ့ရက်သတ္တပတ်က Vivo ဟာ အိန္ဒိယမှာ V17 နဲ့ အင်ဒိုနီးရှားမှာ V19 ဖုန်းအသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလောက်နဲ့ ကုမ္ပဏီရဲ့ခြေလှမ်းတွေ မရပ်သေးဘဲ Vivo V19 ဖုန်းအား အိန္ဒိယဈေးကွက်မှာ မိတ်ဆက်မယ့်ရက်ကိုပါ ထပ်မံအတည်ပြုခဲ့ပြန်ပါတယ်။

Vivo V19 ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်မယ့်ရက်ကတော့ မတ်လ ၂၆ ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယကို ဝင်လာမယ့် V19 ဟာလည်း အင်ဒိုဗားရှင်းနဲ့ အနည်းငယ်ကွာခြားနေပြီး စုစုပေါင်းကင်မရာငါးလုံးအစား ခြောက်လုံးထိ ပါဝင်လာမှာပါ။ နောက်ဘက်မှာ Quad-camera ချင်းတူပေမယ့် ရှေ့ဘက်မှာတော့ Dual-selfie ကင်မရာကို အစားထိုးလာခဲ့လို့ဖြစ်ပါတယ်။

Vivo India ရဲ့တရားဝင်တွစ်တာအကောင့်မှာ တင်ထားတဲ့ ပုံရိပ်အရ V19 ဖုန်းအသစ်ရဲ့ နောက်ထပ် Feature နှစ်ခုကိုလည်း သိခွင့်ရခဲ့ပြီး အဲ့ဒါတွေကတော့ In-display Fingerprint နဲ့ အနက်၊ အပြာ ကာလာကွဲနှစ်မျိုးတို့ပါပဲ။ Vivo ဟာ အိန္ဒိယ V19 ရဲ့ Specs တွေကို အတည်မပြုပေးသေးပေမယ့် ယခင် Leak သတင်းသာ မှန်မယ်ဆိုရင် ဒီဖုန်းမှာ 6.44” လက်မအရွယ် Dual iView Super AMOLED Display ကို မြင်ရမှာပါ။

အတွင်းမှာတော့ Snapdragon 712 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီကို တွဲဖက်ထားမှာဖြစ်ပြီး Android 10 OS အခြေခံထားတဲ့ Funtouch OS 10 နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 128/256 GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိမှာဖြစ်ကာ MicroSD Slot သီးသန့်လည်း ပါဦးမှာပါ။

နောက်ဘက်က Quad-camera အတွဲနဲ့ ရှေ့ဘက်က 32MP ဆဲလ်ဖီယူနစ်တွေက အင်ဒိုဗားရှင်းနဲ့ အတူတူပဲ ဖြစ်ပေမယ့် Group Selfies ပုံရိုက်ရလို့ အဆင်ပြေစေမယ့် 8MP Super Wide Angle ကင်မရာတစ်လုံးကို ရှေ့ဘက်မှာ ထပ်ဖြည့်ထားမှာဖြစ်ပါတယ်။

အိန္ဒိယ V19 မှာတော့ 4,500 mAh ဘက္ထရီနဲ့အတူ 33W အားသွင်းစနစ်ကို မြင်ရမှာဖြစ်ပါတယ်။ ဒီဖုန်းရဲ့ တန်ကြေးကတော့ အိန္ဒိယရူပီး ၂၄,၉၉၀ (မြန်မာငွေ လေးသိန်းရှစ်သောင်း) ခန့်ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေမှန်ကန်ရဲ့လားဆိုတာကို မတ်လ ၂၆ ရက်နေ့ထိ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena