လက်ရှိ Smartwatch ကမ္ဘာထဲကို ထပ်မံဝင်ရောက်လာတဲ့ နောက်ထပ် စမတ်ဖုန်း ကုမ္ပဏီက Vivo ပါ။ မကြာခင် ထွက်တော့မယ့် Vivo Watch ရဲ့ specs နဲ့ features တွေကတော့ Weibo ပေါ်မှာ ထွက်ပေါ်လာခဲ့ပါပြီ။

Vivo Watch တွေက ၄၂ မီလီမီတာ နဲ့ ၄၆ မီလီမီတာ ဆိုဒ်နှစ်မျိုးနဲ့ ထွက်ရှိမှာ ဖြစ်ပြီး ဆိုဒ် နှစ်မျိုးလုံးအတွက် အလဲအလှယ် လုပ်လို့ရတဲ့ လက်ပတ်ကြိုးတွေလည်း ရရှိနိုင်မှာပါ။ လက်ပတ်ကြိုးတွေကို အရောင်လေးမျိုးအထိ ရွေးချယ်ဝယ်ယူနိုင်မယ်လို့ လောလောဆယ် သိရပါတယ်။ ဘက္ထရီပိုင်းကတော့ အားတစ်ခါ သွင်းရုံနဲ့ ၁၈ ရက်ထိ အသုံးခံမယ်လို့ သိရပါတယ်။

ထပ်သိရတဲ့ အချက်အလက်တွေ အရ Vivo Watch ဟာ AMOLED မျက်နှာပြင် ဖြစ်ပြီး Stainless Steel ကိုယ်ထည် နဲ့ ပြုလုပ်ထားတာပါ။ ကယ်လိုရီနဲ့ သွေးထဲက အောက်စီဂျင်ပမာဏ အာရုံခံ ကိရိယာ၊ အသံနဲ့ အမိန့်ပေးနိုင်တဲ့ AI စနစ် တွေလည်း ပါဝင်ပါတယ်။ ဒါ့ပြင် မိုဘိုင်း ငွေပေးချေစနစ်တွေကိုလည်း အထောက်အပံ့ပေးနိင်တယ်လို့ ယူဆနေကြပေမယ့် တရုတ်နိုင်ငံမှာပဲ ရနိုင်မှာလားဆိုတာကတော့ မသေချာသေးပါဘူး။

Vivo Watch ရဲ့ စျေးနှုန်းကတော့ တရုတ်ယွမ် ၉၉၉ ကျပ် (မြန်မာငွေ ၁၉၄,၀၀၀ ကျပ်ဝန်းကျင်) ကနေ စတင်ဝယ်ယူလို့ရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့ ၁၄၅ ဒေါ်လာ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Vivo Watch ကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကုမ္ပဏီရဲ့ တရားဝင် ကြော်ငြာ ပိုစတာ ကတော့ ဖော်ပြထားပါတယ်။ မကြာမီ ရက်ပိုင်းအတွင်းမှာ Vivo Watch နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံ တွေ့ရှိရမှာပါ။

Ref – Gsmarena