Qualcomm Snapdragon 712 SoC နဲ့ 48MP Triple ကင်မရာ ပါတဲ့ Vivo Z5 ကို အရင်နှစ် ဇူလိုင်လက ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို မကြာခင် မြင်ရတော့မှာ ဖြစ်ပါတယ်။ Vivo Z6 5G လို့ နာမည်ပေးထားပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကြေညာတော့မှာပါ။

Vivo က Z6 5G ရဲ့ ဒီဇိုင်းကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ မျှဝေထားပါတယ်။ မျက်နှာပြင်မှာ Punch Hole ၁ ခု ပါလာပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာမြှပ်နှံထားပါတယ်။ Qualcomm Snapdragon 765G SoC မောင်းနှင်ထားပြီး ကုမ္ပဏီက ပီစီ အဆင့် Liquid Cooling ပါမယ်လို့ ပြောတဲ့အတွက် ဂိမ်းတွေ ကစားရင် အပူချိန်လျှော့ချပေးပါတယ်။

Vivo Z6 5G မှာ Dual-mode 5G ပါလာမှာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 5,000mAh ဘက်ထရီနဲ့ လျှင်မြန်တဲ့  44W Fast Charging ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာ ဖြစ်သလို အားသွင်းရင်လည်း အရမ်းကို မြန်မှာပါ။

Vivo Z6 5G ရဲ့ တခြား Specs တွေကို မသိရသေးပေမယ့် Vivo က အရောင် ၃ မျိုးထုတ်လုပ်ပေးထားမယ်လို့ ပြောပါတယ်။ တရုတ်က JD.com မှာ Vivo Z6 5G ကို စာရင်းတင်ထားပြီး ဒီလ ၂၉ ရက်နေ့မှာ အကြိုရောင်းပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena