Facebook ကပိုင်ဆိုင်တဲ့ WhatsApp ဟာ အချက်အလက်ကာကွယ်မှုစည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် အိုင်ယာလန်မှာ ယူရိုငွေ ၂၂၅ သန်းကို ဒဏ်ကြေးအဖြစ် ချမှတ်ခြင်းခံလိုက်ရပါတယ်။ အိုင်ယာလန်ရဲ့ အချက်အလက်ကာကွယ်ရေးကော်မရှင် (DPC) က WhatsApp Ireland ဟာ သုံးစွဲသူတွေလိုအပ်တဲ့ အချက်အလက်ကာကွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ထောက်ပံ့ဖို့ပျက်ကွက်ခဲ့ပြီး ပွင့်လင်းမြင်သာတဲ့ဝတ္တရားတွေကို လိုက်နာခြင်းမရှိခဲ့တာကြောင့် အခုလို ပြစ်ဒဏ်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အခုတစ်ကြိမ် WhatsApp ကိုချမှတ်လိုက်တဲ့ပြစ်ဒဏ်ဟာ DPC က ချမှတ်ဖူးသမျှဒဏ်ငွေပမာဏထဲမှာ အကြီးမားဆုံးလည်း ဖြစ်ခဲ့ပြီး ဥရောပသမဂ္ဂရဲ့ အချက်အလက်ကာကွယ်မှုဥပဒေများအရ အဖွဲ့အစည်းတစ်ခုအပေါ်ချမှတ်ခဲ့သမျှတွေထဲမှာလည်း ဒုတိယအကြီးဆုံး ဖြစ်နေခဲ့ပါတယ်။

တရားစီရင်ချက်အရ WhatsApp ဟာ “အသုံးပြုသူအချက်အလက်ဆိုင်ရာလုပ်ငန်းစဉ်ကိုမျှတပြီး ပွင့်လင်းမြင်သာစွာနဲ့ ဥပဒေအတိုင်းသွားဖို့ပျက်ကွက်ခြင်း၊ အချက်အလက်တွေကို ဘယ်လိုစုဆောင်းတယ်ဆိုတာကို “ရိုးရှင်းတဲ့ဘာသာစကားအသုံးအနှုန်းနဲ့” သတင်းထုတ်ပြန်ပေးဖို့ ပျက်ကွက်ခြင်း၊ အချက်အလက်တွေကို ဘယ်မှာသိုမှီးထားတယ်ဆိုတဲ့အကြောင်း၊ ဆက်သွယ်နိုင်တဲ့အချက်အလက်အပြည့်အစုံ၊ အချက်အလက်စုဆောင်းရခြင်းရဲ့ရည်ရွယ်ချက် စတာတွေကို အသုံးပြုသူတွေကိုအသိပေးဖို့ ပျက်ကွက်ခြင်း၊ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဘယ်အချိန်မှာ Third parties  တွေဆီက လက်ခံရရှိခဲ့တယ်၊ အချက်အလက်တွေက ဘယ်ကနေရလာတယ်ဆိုတဲ့အကြောင်း အသိပေးဖို့ပျက်ကွက်ခြင်း” စတဲ့ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဒီကျူးလွန်မှုတွေအားလုံးကို ၂၀၁၈ ခုနှစ်မှာစတင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ဇူလိုင်လတုန်းက ဥရောပအချက်အလက်ကာကွယ်ရေ:ဘုတ်အဖွဲ့ အစည်းအဝေးမှာ DPC က ပြန်လည်သုံးသပ်ဖို့နဲ့ ကနဦးအဆိုပြုထားတဲ့ဒဏ်ကြေးကို တိုးမြှင့်ဖို့ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေပေါ်မူတည်ပြီး အပြီးသတ်ဆုံးဖြတ်ချက်မှာတော့ ယူရို ၂၂၅ သန်း ဒဏ်ကြေးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

WhatsApp ကတော့ အခုချမှတ်လိုက်တဲ့ ဒဏ်ကြေးပမာဏဟာ “လုံးဝမျှတမှုမရှိ” တဲ့အတွက် အယူခံဝင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ၂၀၁၈ ခုနှစ် မူဝါဒတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေဟာ ပြဿနာတွေဖြစ်ပြီး WhatsApp ကတော့ လုံခြုံစိတ်ချရတဲ့ သီးသန့်ဝန်ဆောင်မှုကိုပေးတယ်လို့ ဆိုပါတယ်။

Ref: GSM Arena