Xiaomi 13 Series ဖုန်းတွေဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး တရားဝင် မိတ်မဆက်ရသေးပေမယ့် Xiaomi ရဲ့ CEO Lei Jun ကနေ Xiaomi 13 ဖုန်းတွေရဲ့ အားသာချက်တွေကို ဆက်တိုက်ကြွားလုံးထုတ်နေပါပြီ။

အစောပိုင်းတုန်းကလည်း Lei Jun က Weibo စာမျက်နှာမှာ Xiaomi 13 ဖုန်းဟာ ဘေးဘောင်အပါးလွှာဆုံးဖုန်းဖြစ်လာမယ့်အပြင် IP68 Dust & Water Resistance Rating ပါဝင်လာမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုလည်း Lei Jun ကနေ Xiaomi 13 ဖုန်းဟာ Apple iPhone 14 Pro Max ထက်တောင် Battery ပိုခံတယ်ဆိုပြီး Weibo စာမျက်နှာမှာ ဖော်ပြလိုက်ပါတယ်။

ဒါပေမယ့် Lei Jun ရဲ့ ဖော်ပြချက်မှာ Xiaomi 13 ဟာ iPhone 14 Pro Max ထက် ဘယ်လောက် Battery ပိုအသုံးခံမလဲဆိုတာကိုတော့ အတိအကျ နာရီနဲ့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအစား Days of Use (DOU) လို့ ယူဆရတဲ့ တစ်ကြိမ်အားသွင်းပြီး ဘယ်နှရက်အသုံးခံသလဲဆိုတဲ့ Graph ကိုပဲ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ Graph အရ iPhone 14 Pro Max ဖုန်းဟာ ၁.၂၈ ရက်ပဲ အသုံးခံမှာဖြစ်ပြီး Xiaomi 13 ဖုန်းကတော့ ၁.၃၇ ရက်အထိ အသုံးခံမှာဖြစ်ပါတယ်။ Lei Jun ကနေ Xiaomi ကုမ္ပဏီဟာ ၂ ရက်ဆက်တိုက်အသုံးပြုနိုင်မယ့်ဖုန်းကိုလည်း ထုတ်လုပ်သွားဖို့ စီစဥ်နေတယ်ဆိုပြီး ထည့်သွင်းရေးသားခဲ့ပါသေးတယ်။

Xiaomi 13 ဖုန်းဟာ 4500mAh Battery ပါဝင်မှာဖြစ်ပြီး အခုလိုမျိုး Battery ကြာရှည်ခံတယ်ဆိုရင် တခြားသော Android Flagship ဖုန်းတွေကြားမှာ ရေပန်းစားတဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China