Xiaomi ဟာ Car project ကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့တာပါ။ ဒေါ်လာ ၁၁ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံပြီးတဲ့နောက် ကုမ္ပဏီဟာ ပထမဆုံး Prototype ကိုတောင် ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ နောက်ဆုံးအဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဆီ ရောက်နေပြီလို့ သိရပါတယ်။

Xiaomi ဟာ လာမဲ့ရက်သတ္တပတ်အတွင်း သူတို့ရဲ့ ကားကို ပြသသွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အလုံးအရင်းလိုက် ထုတ်လုပ်မှုကို အပြည့်အဝလုပ်ဆောင်နိုင်ဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အတားအဆီးတစ်ခုက Xiaomi ကို စောင့်ကြိုနေပါတယ်။ အဲတာကတော့ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်လိုင်စင် ရရှိဖို့ပါပဲ။

တရုတ်ပြည်တွင်းမှာ EV ဈေးကွက်က ရေပန်းစားလာပြီးတဲ့နောက် ကုမ္ပဏီအမြောက်အများက ဒီနယ်ထဲဝင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ တရုတ်မော်တော်ကားလုပ်ငန်းတွေဟာ ကျရှုံးပြီးဒေဝါလီခံသွားရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တာကြောင့် တရုတ်အာဏာပိုင်တွေက လုပ်ငန်းခွင့်ပြုချက်အတွက် လိုအပ်ချက်တွေကို တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

Xiaomi အနေနဲ့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးတောင့်တင်းမှုကိုသာမက နည်းပညာဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုကိုလည်း သက်သေပြဖို့အတွက် နောက်ထပ်စာရွက်စာတမ်းတွေတင်ပြဖို့ လိုအပ်နေပါသေးတယ်။ နောက်ထပ်တင်မဲ့ စာရွက်စာတမ်းတွေကိုလည်း ပြန်ပြီးသုံးသပ်ဖို့လိုနေသေးတာကြောင့် ခွင့်ပြုချက်ကျဖို့က လနဲ့ချီကြာသွားနိုင်ပါတယ်။ နောက်ထပ်လည်း ထပ်ဆောင်းအချက်အလက်တွေ တင်ပြရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

အကယ်၍ မော်တော်ယာဉ်ထုတ်လုပ်ရေးလျှောက်လွှာဟာ ငြင်းပယ်ခံရမယ်ဆိုရင်တော့ ကုမ္ပဏီအနေနဲ့ လုပ်ငန်းစဉ်အားလုံးကို ပြန်ပြီးစတင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Xiaomi Car အတွက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်က ပြီးမြောက်သွားပါပြီ။ ခွင့်ပြုလိုင်စင်မရှိတာက ဒီဇိုင်းလုပ်ငန်းစဉ်နဲ့ ထုတ်လုပ်မှုအတွက်ပြင်ဆင်မှုတွေကို ရပ်တန့်စေမှာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီက ဝန်ထမ်းပေါင်း တစ်သောင်းကျော်ကို အလုပ်ခန့်ထားပြီးဖြစ်ပါတယ်။

လိုင်စင်ရဖို့ ကြန့်ကြာနေရင် ပြိုင်ဘက်တွေနောက်ရောက်သွားနိုင်တာကြောင့် Xiaomi အနေနဲ့ ရောင်းချမှုအပိုင်းမှာပါ ထိခိုက်မှုတွေကြုံတွေ့လာရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

Ref: Gizchina