Tesla ဟာ Optimus လူတူစက်ရုပ်ကို ဖန်တီးနေပြီး လူသားတွေရဲ့ ဦးနှောက်က ဒေတာတွေကို စက်ရုပ်မှာ Download လုပ်နိုင်မှာ ဖြစ်ပါတယ်။ Xiaomi ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး လူတူ စက်ရုပ် ဖြစ်တဲ့ CyberOne ကို ဖန်တီးနေပြီး Xiaomi တည်ထောင်သူနဲ့ စီအီးအို Lei Jun က အဲဒီ စက်ရုပ်ရဲ့ စွမ်းရည်တွေကို ပြောပြလာပါတယ်။ Xiaomi CyberOne ဟာ Tesla Optimus ကို ယှဉ်ပြိုင်တော့မှာပါ။

CyberOne

CyberOne ရဲ့ အရပ်အမြင့်ဟာ ၁၇၇ စင်တီမီတာ ရှိပြီး အလေးချိန်က ၅၂ ကီလိုဂရမ် ရှိပါတယ်။ ခြေထောက် ၂ ချောင်း တပ်ဆင်ထားပြီး Xiaomi ဟာ စက်ရုပ် လမ်းလျှောက်ဖို့အတွက် နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ခဲ့ကြပါတယ်။

CyberOne

CyberOne မှာ အဓိက အဆစ်ပေါင်း ၁၃ ခု ပါလာပြီး အစိတ်အပိုင်း အားလုံးကို Cerebellum လို့ ခေါ်တဲ့ Algorithm နဲ့ ထိန်းချုပ်ထားပါတယ်။ ခြေထောက်နဲ့ လက်တွေမှာ အဆစ် အမျိုးအစား ၅ ခုနဲ့ မောင်းနှင်တဲ့ Module ၂၁ ခု ထည့်သွင်းထားပါတယ်။

Xiaomi humanoid bionic robot

လူတူစက်ရုပ် ဖြစ်တဲ့အတွက် လှုပ်ရှားသွားလာနိုင်ရုံသာမက တခြား စက်ရုပ်တွေ၊ လူတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ စိတ်ခံစားမှု ၄၅ ခုကို စက်ရုပ်က ဖော်ပြနိုင်ပြီး အသံ၊ Display Module တွေကနေ လူတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။

Lei Jun က CyberOne ဟာ Xiaomi ဖန်တီးထားတဲ့ 3D Reconstruction Algorithm ကို အသုံးပြုကာ ပတ်ဝန်းကျင် အခြေအနေကို လေ့လာနိုင်တယ်လို့ ပြောပါတယ်။ လမ်းလျှောက်တဲ့အခါ စက်ရုပ်ဟာ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာနဲ့ အတားအဆီးတွေကို ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာ နားလည်ပါတယ်။

စက်ရုပ်ကို တည်ဆောက်ရတဲ့ ကုန်ကျစားရိတ်ဟာ ဒေါ်လာ ၈၉,၀၀၀ ကနေ ၁၀၅,၀၀၀ အတွင်း ရှိတဲ့အတွက် လက်ရှိမှာ အမြောက်အများ မထုတ်လုပ်သေးပါဘူး။

Ref : gizchina