ပြီးခဲ့တဲ့ ရက်ပိုင်းက Canalys ဟာ ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ ကွာတား ၃ ရဲ့ အိန္ဒိယ စမတ်ဖုန်း ဈေးကွက် စစ်တမ်းကို ဖော်ပြလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ကွာတား ၃ ရဲ့ အိန္ဒိယ စမတ်ဖုန်း ရောင်းအားဟာ အရင်နှစ် ကွာတား ၃ ထက် ကျဆင်းသွားပြီး Canalys က စွမ်းရည်နိမ့် စမတ်ဖုန်းတွေ ဝယ်လိုအားနည်းတဲ့အတွက် အခုလို ဖြစ်သွားတာလို့ သုံးသပ်ပါတယ်။ စုစုပေါင်း စမတ်ဖုန်း အလုံးရေ ၄၄.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ကွာတား ၃ ရဲ့ ၄၇.၅ သန်းထက် နည်းသွားပါတယ်။
Xiaomi က အလုံးရေ ၉.၂ သန်း ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၂၁ ရာခိုင်နှုန်း ရထားပါတယ်။ ဒါပေမယ့် အရင်နှစ်ရဲ့ ၁၁.၂ သန်းနဲ့ ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းထက် နည်းသွားပါတယ်။ ထိပ်ဆုံး ကုမ္ပဏီ ၅ ခုထဲက ၄ ခုရဲ့ စမတ်ဖုန်း ရောင်းအားနဲ့ ဈေးကွက်ဝေစုဟာ အရင်နှစ်ကထက် နည်းသွားတာပါ။
ထူးခြားတာက OPPO ဟာ အရင်နှစ် ကွာတား ၃ မှာ ၆.၂ သန်းနဲ့ ဈေးကွက်ဝေစု ၁၃ ရာခိုင်နှုန်း ရခဲ့ရာကနေ ဒီနှစ်မှာ ၇.၁ သန်းနဲ့ ဈေးကွက်ဝေစု ၁၆ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ရာခိုင်နှုန်း အနေနဲ့ ၁၄ ရာခိုင်နှုန်း များပြားလာတာပါ။ နံပါတ် ၂ နေရာက Samsung နဲ့ နံပါတ် ၃ နေရာက Vivo တို့ဟာ ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရောင်းအားက ၁၁ နဲ့ ၉ ရာခိုင်နှုန်း အသီးသီး နည်းသွားပါတယ်။
Ref : gsmarena