ပြီးခဲ့တဲ့ရက်က Apple ဟာ COVID-19 ကာလမှာ ဂိမ်းမင်းပိုင်းကနေ ဝင်ငွေကြမ်းခဲ့ကြောင်း အစီရင်ခံစာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်အခြေစိုက် ကုမ္ပဏီကြီး Xiaomi ကတော့ စမတ်ဖုန်းရောင်းချမှုနှေးကွေးနေတဲ့ကာလမှာ ရလဒ်ပိုင်းအတော်အတန်ကောင်းမွန်နေတာကို အစီရင်ခံစာတွေအရ သိရပါတယ်။

Xiaomi ဟာ ဒုတိယသုံးလပတ်ကာလကုန်ဆုံးသွားချိန်မှာ စုစုပေါင်း ဝင်ငွေဒေါ်လာ ၇.၇ ဘီလီယံ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်နဲ့နှိုင်းယှဉ်ရင် ဒီနှစ် ၂၀၂၀ ဒုတိယသုံးလပတ်ဟာ ဝင်ငွေ ၃.၁ ရာခိုင်နှုန်း တိုးတက်လာတာကိုလည်း တွေ့နိုင်ပါတယ်။ ပထမသုံးလပတ်ထက်လည်း ၇.၇ ရာခိုင်နှုန်းအထိ တိုးတက်လာတာ ဖြစ်ပါတယ်။

အသားတင်အမြတ်ကတော့ ဒေါ်လာ သန်း၆၅၀ အထိ ရှိခဲ့ပါတယ်။ နှစ်အလိုက်တိုးတက်မှုမှာ ၁၂၉ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်းလည်း ကိန်းဂဏန်းတွေက ပြသနေပါတယ်။ ဒါ့အပြင် ၂၀၂၀ ပထမသုံးလပတ်ထက်လည်း ၁၀၈ ရာခိုင်နှုန်း ပိုကောင်းနေပါသေးတယ်။

Xiaomi ဟာ သူ့ရဲ့ ရောင်းအားတွေကို တရုတ်နိုင်ငံပြင်ပဈေးကွက်ကနေ ပြန်ရခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယဈေးကွက်မှာ ရောင်းအားနာလန်ထူလာတာက Xiaomi အတွက် အခုလို အမြတ်အစွန်းတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းလို့ ဆိုရမှာပါ။ Xiaomi ဟာ ၂၀၂၀ ဇန်နဝါရီလမတိုင်မီကထက် စမတ်ဖုန်းအသုံးပြုမှုပိုင်း ၁၂၀ ရာခိုင်နှုန်း ရှိလာကြောင်းလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဥရောပဈေးကွက်မှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ အနေအထားကို ရရှိခဲ့ပါသေးတယ်။ Xiaomi ရဲ့ ဥရောပကို တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်တုန်းကထက် ၆၅ ရာခိုင်နှုန်းနီးပါး တိုးတက်လာပါတယ်။ စပိန်ဈေးကွက်မှာ ထိပ်တန်းစမတ်ဖုန်းရောင်းချသူဖြစ်လာပြီး ပြင်သစ်မှာ ဒုတိယနဲ့ ဂျာမနီမှာတော့ စတုတ္ထနေရာကို ရောက်ရှိနေပါတယ်။

အိန္ဒိယဈေးကွက်မှာတော့ ပြီးခဲ့တဲ့ မတ်လတုန်းက ကျဆင်းသွားခဲ့တဲ့နောက် တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာပြီဆိုပေမယ့် အသုံးပြုမှုကတော့ ၂၈ ရာခိုင်နှုန်း ကျဆင်းနေတာကို တွေ့မြင်ရပါတယ်။ အကြောင်းရင်းက ဝယ်လိုအားကြောင့်မဟုတ်ဘဲ ဒေသတွင်းထုတ်လုပ်မှုအထွက်နှုန်းလျော့ကျခြင်းကြောင့်လို့ သိရပါတယ်။

Ref: GSM Arena