Xiaomi Mi 10 flagship တွေရဲ့သတင်းဟာ ဒီနှစ်အတွက်တော့ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် ဖုန်မှုန့်တွေလိုပဲ လေထဲမှာလွင့်ပျောက်သွားတော့မယ်လို့ ထင်ခဲ့ရတာပါ။ ဒါပေမယ့် Mi 10 flagship တွေက မပြီးဆုံးသေးပါဘူး။ ဖေဖော်ဝါရီလတုန်းကထွက်ခဲ့တဲ့ Mi 10 Pro 5G နောက်မှာ Mi 10 Pro+ အကြောင်း ပြောစရာကျန်နေပါသေးတယ်။

ဒီနှစ်အတွက် Xiaomi ရဲ့ Flagship သစ်ဟာ Mi Mix 4 လို့ထင်ထားကြပေမယ့် မထင်မှတ်ဘဲ Mi 10 Pro+ အကြောင်း ပြောနေတဲ့ ပိုစတာတစ်ခုကပေါ်ပေါက်လာတာပါ။ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ဒီပိုစတာအရ Mi 10 Pro+ ဟာ 65W Super Flash Charge ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

65W ကြိုးတပ်အားသွင်းစနစ်က လက်ရှိ Mi 10 Pro မှာပါတဲ့ 50W ထက် ပိုပြီးမြင့်မားတဲ့နှုန်းဆိုတော့ ပြောစရာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ်က 40W ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Mi 10 Pro+ အကြောင်းက စပြီးကြားလိုက်တာနဲ့ စိတ်ဝင်စားရတယ်လို့ပဲ ဆိုရတော့မှာပါ။

ဒါတင်မကသေးပါဘူး။ Mi 10 Pro+ ဟာ 100MP အဓိကကင်မရာ ဆင်ဆာကို တပ်ဆင်ထားပြီး 12x optical zoom ကိုလည်း ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ 120Hz Super-sensing screen နဲ့လည်းဖြစ်သလို သုံးထားတဲ့ SoC ကလည်း Snapdragon 865 လို့ သိရပါတယ်။ RAM ကတော့ 16GB လို့ သတင်းထွက်နေတာပါ။

အခုအချိန်ထိတော့ Mi 10 Pro+ ရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ သက်သေပြစရာ မရှိသေးပါဘူး။ တစ်ဘက်ကိုပြန်ကြည့်ရင် Qualcomm ဟာ ဒီနှစ်ထဲမှာ Snapdragon 865+ ကို ဖြန့်မှာမဟုတ်တာရယ်၊ Xiaomi ရဲ့ ထုတ်လုပ်မှုပုံစံရယ်ကြောင့် Mi 10 Pro+ ဆိုတာ တကယ်ထွက်လာရင်လည်း အံ့သြစရာတော့ မဟုတ်ဘူးလို့ ဆိုရပါလိမ့်မယ်။

Ref: Gizmochina