Xiaomi ရဲ့ Mi 10 နဲ့ Mi 10 Pro နှစ်မျိုးစလုံးဟာ 6.67-inch အရွယ်အစား မျက်နှာပြင်ကိုယ်စီရှိကြပါတယ်။ ဒီအရွယ်ဟာ ဒီနေ့ခေတ် Flagship စမတ်ဖုန်းတွေအတွက် ပုံမှန်ထက်ကြီးတဲ့ မျက်နှာပြင်အရွယ်အစားလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အတည်မပြုရသေးတဲ့ သတင်းတစ်ခုအရ Xiaomi ဟာ လက်ရှိအရွယ်အစားထက် မျက်နှာပြင်ပိုကြီးတဲ့ Mi 10 မိသားစုဝင်တစ်ခုကို ထုတ်လုပ်ရောင်းချမယ် ဆိုတာပါပဲ။
တရုတ်လူမှုကွန်ရက်မှာ ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် နာမည်ကြီးတဲ့ Digital chat station ကဖော်ပြခဲ့တာက Xiaomi ဟာ Mi 10 အတွက် “S” အမျိုးအစား ထုတ်လုပ်မယ်ဆိုတာပါပဲ။ Mi 10S ဟာ သူ့ရဲ့ နောင်တော်တွေဖြစ်တဲ့ Mi 10 နဲ့ Mi 10 Pro တို့ထက် မျက်နှာပြင်အရွယ်အစား ပိုကြီးမယ်လို့လည်း ဆိုထားပါသေးတယ်။
ဒါတင်မကသေးဘဲ Mi 10S ကို ၂၀၂၀ ရဲ့ ဒုတိယနှစ်ဝက်မှာ ဖြန့်ချိမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။ Mi 10S ရဲ့ ဖြစ်တည်မှုဟာ အခုအချိန်ထိတော့ Digital chat station ရဲ့ ဖော်ပြမှုမှာပဲ တွေ့မြင်ရသေးတာပါ။ ကျန်တဲ့ သက်သေအထောက်အထားတွေလည်း မတွေ့ရသေးသလို ဒီ Device နဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း မသိရသေးပါဘူး။
လေထဲမှာပျံ့လွင့်နေတဲ့ ကောလာဟလတွေကတော့ Xiaomi Mi 10S ဟာ Snapdragon 865 Plus processor နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ ဒီ Chipset ကလည်း လာမယ့် ဒုတိယနှစ်ဝက်မှာ (အထူးသဖြင့် တတိယသုံးလပတ်မှာ) ဖြန့်ချိဖို့ စီစဉ်ထားတာဆိုတော့ Mi 10S ထွက်မယ့်အချိန်နဲ့ အနည်းငယ် ကိုက်ညီတယ်လို့ ဆိုရပါလိမ့်မယ်။
Mi 10S ဟာ မျက်နှာပြင်ကြီးမားမယ်လို့ဆိုတဲ့အတွက် ဘက်ထရီပမာဏကလည်း လက်ရှိ Mi 10 ရဲ့ 4,780mAh ထက် ပိုပြီးကြီးကြီးမားမား ထောက်ပံ့လာနိုင်ခြေရှိပါတယ်။ ခန့်မှန်းချက်တွေအရ 5,000mAh ပမာဏ ဘက်ထရီကို ထောက်ပံ့လာနိုင်ပြီး ပိုမြန်တဲ့ ကြိုးမဲ့၊ ကြိုးသွယ်အားသွင်းစနစ်တွေကိုလည်း ထောက်ပံ့လာဖွယ်ရှိပါတယ်။
Ref: Gizmochina