စမတ်ဖုန်းကမ္ဘာမှာ ထုတ်ကုန်သစ်တွေအကြောင်းက စိတ်ဝင်စားစရာကောင်းသလို အစအဦးဆုံးခြေလှမ်းလို့ဆိုရမယ့် မူပိုင်ခွင့်ဒီဇိုင်းအကြောင်းကလည်း အနည်းငယ်တော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မူပိုင်ခွင့်တိုင်းက လက်တွေ့ဖြစ်မလာပေမယ့် အမှတ်တံဆိပ်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ရည်မှန်းချက်ကိုတော့ အတော်အတန်သိခွင့်ရတာပါ။

အခုမြင်တွေ့ရတာက Xiaomi ရဲ့ Foldable Device အတွက် ဒီဇိုင်းမူပိုင်ခွင့်ပါ။ စမတ်ဖုန်းအများစုဟာ အရှေ့ဘက်ကင်မရာနဲ့ အနောက်ဘက်ကင်မရာမော်ဂျူးတွေ သီးသန့်ထားရှိတယ်ဆိုပေမယ့် Xiaomi ရဲ့ ဒီ Device မှာတော့ သီးသန့်ခွဲထားတဲ့ မော်ဂျူးနှစ်ခုစလုံးကိုပေါင်းစည်းပြီး အတူတူအလုပ်လုပ်စေတယ်လို့ ဆိုနိုင်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးဟာ ဒီဇိုင်းကို တရုတ်အမျိုးသား ဉာဏပစ္စည်းမူပိုင်ခွင့်ရုံးဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်းပုံတွေမှာတော့ စမတ်ဖုန်းရဲ့ Layout နဲ့ ကင်မရာချထားတဲ့ နေရာတွေကို ဖော်ပြထားတာ တွေ့မြင်ရပါတယ်။ ပုံတွေအရတော့ ပုံရိပ်အာရုံခံဟာ စုစုပေါင်း သုံးခုပဲ ရှိတာပါ။ ဆင်ဆာနှစ်ခုက တစ်တွဲဖြစ်ပြီး ကျန်ဆင်ဆာကတော့ သီးသန့်နေရာမှာ ရှိနေပါတယ်။

စမတ်ဖုန်းတစ်လုံးမှာ ကင်မရာအလုံးရေများစွာ တပ်ဆင်ရတာက ထုတ်လုပ်မှုကုန်ကျစရိတ်ကို ပိုပြီးမြင့်တက်စေပါတယ်။ ဒါကြောင့် အရှေ့ဘက်နဲ့ အနောက်ဘက်ကင်မရာတွေကို စုပေါင်းအသုံးပြုနိုင်တဲ့နည်းလမ်းကို OEMs အများစုက အကောင်အထည်ဖော်လာကြပါတယ်။ ဒါဟာ Selfie အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ ရိုက်ကူးမှုအတွေ့အကြုံတွေကို ရရှိစေတာပါ။

Xiaomi ကလည်း ဒီနည်းလမ်းကို အသုံးပြုလာပုံပါ။ စမတ်ဖုန်းကို ဖြန့်ထားချိန်မှာတော့ သီးခြားစီဖြစ်နေပေမယ့် ခေါက်ထားချိန်မှာ ကင်မရာသုံးလုံး အထက်အောက်စီထားတဲ့ပုံစံနဲ့ သုံးစလုံးကို အသုံးပြုနိုင်မယ့် ပုံစံမျိုးဖြစ်ပါတယ်။ ဒီနည်းလမ်းသာ အမှန်တကယ်အကောင်အထည်ပေါ်လာရင်တော့ ဈေးနှုန်းသက်သာတဲ့ Foldable ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။

Ref: Gizmochina