မကြာသေးခင်ကပဲ အမေရိကန်အစိုးရဟာ Xiaomi ကို တရုတ်ကွန်မြူနစ်စစ်တပ်နဲ့ သက်ဆိုင်တဲ့ကုမ္ပဏီဖြစ်တယ်လို့သတ်မှတ်ပြီး Military Blacklist ထဲ ထည့်သွင်းဖို့ ပစ်မှတ်ထားခဲ့ပါသေးတယ်။ ဒီအတွက် အမေရိကန်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ Xiaomi နဲ့ အလုပ်လုပ်ဖို့အတွက် အတားအဆီးတွေကို ကြုံတွေလာရဖွယ် ရှိပါတယ်။

သက်ရောက်မှုကတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၂၁ နိုဝင်ဘာလ ၁၁ ရက်နေ့မတိုင်မီမှာ အမည်ပျက်စာရင်းဝင်ကုမ္ပဏီထဲက သူတို့ရဲ့နာမည်တွေကိုလည်း ဖယ်ဖျောက်ဖို့လိုအပ်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ Xiaomi ကတော့ ကုမ္ပဏီအနေနဲ့ တရုတ်စစ်တပ်နဲ့ အဆက်အစပ်မရှိကြောင်း၊ အမေရိကန်ရဲ့စွပ်စွဲချက်ကို ငြင်းပယ်တဲ့ကြေညာချက်ထုတ်ခဲ့ပါတယ်။

Xiaomi အနေနဲ့ ကုမ္ပဏီကို Military Blacklist သွင်းခံရမှုနဲ့ပတ်သက်ပြီး တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီဖြစ်တယ်လို့ Reuters သတင်းဌာနက ရေ:သားဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန် ကာကွယ်ရေ:နဲ့ ဘဏ္ဍာရေ:ဌာနကို တရားစွဲဆိုဖို့ ဝါရှင်တန်ခရိုင်တရားရုံးဆီ ဦးတိုက်လျှောက်ထားတာပဲ ဖြစ်ပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်လည်း အမေရိကန်အစိုးရဟာ ဒီဆုံးဖြတ်ချက်အတွက် Xiaomi ဟာ တရုတ်စစ်တပ်နဲ့ ပတ်သက်ဆက်စပ်ကြောင်း သက်သေအထောက်အထား ပြသခဲ့ခြင်း မရှိပါဘူး။ ကြေညာချက်အရဆိုရင်လည်း ကုမ္ပဏီရဲ့ မဲပေးခွင့် ၇၅% ဟာ ပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ Lin Bin နဲ့ Lei Jun တို့ရဲ့လက်ထဲမှာပဲ ရှိနေကြောင်း သိရပါတယ်။

Xiaomi အနေနဲ့ Entity List အသွင်းခံထားရတဲ့ Huawei ဒါမှမဟုတ် DJI လိုမျိုးမဟုတ်ဘဲ အမေရိကန်နည်းပညာကို လိုင်စင်မရှိဘဲ တင်သွင်းနိုင်ပါသေးတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်ကန့်သတ်တာကတော့ ကုမ္ပဏီကို ပြန်လည်ပြုပြင်မရတဲ့ ထိခိုက်မှုကိုဖြစ်ပေါ်စေမယ်လို့ ဆိုပါတယ်။

Ref: Gizmochina