Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Redmi ကနေ K30 Series ဖုန်းတွေဖြစ်တဲ့ Redmi K30 5G ၊ K30 Pro 5G နဲ့ K30 Pro Zoom Edition ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း Redmi K30 5G ထက် စျေးပိုသက်သာတဲ့ 5G ဖုန်းတစ်လုံးဖြစ်လာမယ့် Redmi K30i 5G ဖုန်းကိုလည်း မိတ်ဆက်လာဦးမှာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ ယခင်တုန်းက သတင်းပေါက်ကြားခြင်းမရှိသေးတဲ့ Redmi K30 Series ဖုန်းသစ်တစ်လုံးမိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပါပြီ။ အဆိုပါ Redmi K30 ဖုန်းကိုတော့ Redmi K30 5G Speed Edition လို့ နာမည်ပေးထားပြီးတော့ လာမယ့် မေလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့သိရပါတယ်။

အခုလိုမျိုး Speed Edition ဖြစ်သွားတဲ့အတွက် ပုံမှန် Redmi K30 ဖုန်းနဲ့ အဓိကကွာခြားသွားမှာကတော့ Processor ပိုင်းပဲဖြစ်ပြီး K30 Speed Edition မှာ Snapdragon 768G Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 768G Processor အကြောင်းကို Qualcomm ကတောင် တရားဝင်မမိတ်ဆက်ရသေးသလို ပုံမှန် Redmi K30 5G ဖုန်းမှာပါဝင်တဲ့ Snapdragon 765G ထက် ဘယ်လောက်ထိပိုမိုမြန်ဆန်နိုင်မလဲဆိုတာကိုလည်း မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Redmi K30 5G Speed Edition ဟာ မကြာခင်မိတ်ဆက်လာမယ့် Redmi K30i လိုမျိုး စျေးပိုသက်သာမှာမဟုတ်တဲ့အပြင် Redmi K30 ထက်တောင် အနည်းငယ်ပိုစျေးများလာနိုင်ပါတယ်။ တခြားသော Display ၊ Design ၊ Camera နဲ့ Battery ပိုင်းတွေမှာတော့ Redmi K30 စမတ်ဖုန်းနဲ့ အတူတူပဲဖြစ်မယ်လို့ ယူဆရပါတယ်။

Ref – XDA-Developers