တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာ မနှစ်က မတ်လမှာ သူတို့ရဲ့ 100W Super Charge Turbo အားအမြန်သွင်းစနစ်ကို ထုတ်ပြခဲ့ပါတယ်။ ဒီနည်းပညာက 4,000 mAh ပမာဏရှိတဲ့ ဘက္ထရီတစ်လုံးကို 0% ကနေ 100% ရောက်ဖို့ ၁၇ မိနစ်သာ ကြာတာကိုလည်း အထင်ကြီးစဖွယ် ပြသခဲ့ပါတယ်။

ဒါပေမယ့် တစ်နှစ်နီးပါးကြာလာတဲ့အခါမှာတောင် ဒီနည်းပညာသစ်ကို Xiaomi က သူ့စမတ်ဖုန်းတွေမှာ ထည့်သွင်းလာတာ မမြင်ရသေးပါဘူး။ Xiaomi အကြီးအကဲ Lu Weibing ကတော့ သူ့ Weibo အကောင့်ကနေ Super Charge နည်းပညာကို လက်တွေ့အသုံးချလာဖို့အတွက် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ယနေ့မှာ ဖော်ပြလာခဲ့ပါတယ်။

Weibing ကတော့ အဓိကအားဖြင့် ထည့်သွင်းစဉ်းစားစရာ နည်းပညာဆိုင်ရာ အခက်အခဲ ၅ မျိုး ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒါတွေကတော့ –

Battery Capacity Loss: ဘက္ထရီတွေဟာ အပူချိန်လွန်ကဲမှုကို မခံနိုင်ပါဘူး။ ဒါ့ကြောင့် အားမြန်မြန်သွင်းလေလေ ဘက္ထရီ Capacity ပမာဏ လျော့ကျလာဖို့ မြန်လေလေ ဖြစ်ပါတယ်။ 100W အားသွင်းနှုန်းနဲ့ဆို 30W Fast Charging စနစ်ထက် 20% ပိုမြန်မြန် ဘက္ထရီစွမ်းအားကျလာမှာပါ။

Technical Implementation: Weibing ဟာ 100W Super Charge Turbo နည်းပညာကို ဟန်းဆက်အတွင်း ထည့်သွင်းတပ်ဆင်ဖို့ အခက်အခဲကိုတော့ သေချာမရှင်းပြခဲ့ပါဘူး။ ဒါပေမယ့် အလွန်မြင့်မားတဲ့ လျှပ်စစ်ဓါတ်အားပေးသွင်းမှု လိုအပ်တယ်လို့ပဲ ပြောခဲ့ပါတယ်။

Performance: ကုမ္ပဏီဟာ 100W Super Charge Turbo စနစ်ကို ရေရှည်အသုံးချနိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ပြီး လက်ရှိ အလွယ်တကူထည့်သွင်းနိုင်တဲ့ Resource တွေနဲ့ မလုံလောက်သေးပါဘူး။

Safety: Xiaomi ဟာ အလွန်မြင့်မားတဲ့ အားသွင်းစနစ်ကြောင့် ဟန်းဆက်အတွင်း အခြားအစိတ်အပိုင်းတွေကို မထိခိုက်နိုင်အောင် အရင်ဆုံးကာကွယ်ရမှာပါ။

Multiple Charging Scenarios: 100W အားသွင်းစနစ်ဟာ ကျိန်းသေပေါက် အားသွင်းကြိုးနဲ့သာ အသုံးပြုရမယ့် နည်းပညာအဖြစ်ပဲ ရှိနေသေးပြီး Xiaomi အနေနဲ့ Charger တွေရဲ့ တွဲဖက်နိုင်စွမ်းနဲ့အတူ Wireless အဖြစ် အားသွင်းဖို့ အနေအထားတွေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာ ဖြစ်ပါတယ်။

Weibing ဟာ အခုလို သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ချပြခဲ့ပေမယ့် 100W Fast Charging ပါဝင်လာမယ့် ပထမဆုံးစမတ်ဖုန်းကို ဘယ်တော့မြင်ရဦးမလဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာ ဈေးကွက်ဝင် ထုတ်လုပ်နိုင်ဖို့ အစောပိုင်းကာလကို ရောက်ရှိနေပြီဖြစ်ပြီး အနာဂါတ်မှာ မြင်ရဖွယ်ရှိတယ်လို့တော့ ပြောခဲ့ပါတယ်။

ဒါ့အပြင် 5G စမတ်ဖုန်းတွေဟာ 4G ဟန်းဆက်တွေထက် ပါဝါပိုစားတာကြောင့် ဘက္ထရီပမာဏ ပိုကြီးဖို့ လိုလာကြောင်းနဲ့ သုံးစွဲသူများအား 30W အားသွင်းစနစ်နဲ့ 5,000 mAh ဘက္ထရီ သို့မဟုတ် 100W အားသွင်းစနစ်နဲ့ 4,000 mAh ဘယ်ဟာကို ပိုကြိုက်မလဲလို့လည်း မေးခွန်းပြန်ထုတ်ထားပါသေးတယ်။

Ref – GSM Arena