Xiaomi ဟာ 64MP နဲ့ 108MP ကင်မရာတွေပါတဲ့ တန်ဖိုးနည်း စမတ်ဖုန်း ၂ လုံးကို ဖန်တီးနေတယ်လို့ ဇူလိုင်လက သတင်းထွက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်း အစအနတွေ ပျောက်ချက်သားကောင်းနေပါတယ်။ အခုတော့ ဝီဘိုက နာမည်ကျော် Leakster ၁ ယောက်က အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ လျှို့ဝှက်နာမည်တွေနဲ့ 108MP ကင်မရာ ပါတဲ့ အလုံးရဲ့ မော်ဒယ်နံပါတ်ကို သတင်းပေးလိုက်ပါတယ်။

လျှို့ဝှက်နာမည်တွေက Gauguin နဲ့ Gauguin Pro တို့ ဖြစ်ပြီး ဒုတိယ အလုံးမှာ 108MP ကင်မရာ ထည့်ထားတာပါ။ Pro မဟုတ်တဲ့ အလုံးမှာ 64MP ပင်မ ကင်မရာ အသုံးပြုထားမှာ ဖြစ်ပါတယ်။ Pro မော်ဒယ်ဟာ 108MP ကင်မရာ ပါတဲ့ ဈေးအချိုဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်သွားနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးကို Redmi Brand အောက်ကနေ ရောင်းချဖွယ်ရှိနေပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ တခြား Specifications တွေကို မသိရသေးပေမယ့် Leakster က ကြေညာဖို့ နီးစပ်နေပြီလို့ သတင်းပေးထားပါတယ်။ Xiaomi ဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ ရောင်းအား အရမ်းလန်းပါတယ်။

အခုနောက်ပိုင်းမှာတော့ Xiaomi ဟာ Redmi ကုမ္ပဏီခွဲ ၁ ခုကို တည်ထောင်ထားပြီး Redmi Brand ကနေ တန်ဖိုးနည်း စမတ်ဖုန်းတွေကို အဓိက ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း Redmi Brand ကနေ ထွက်လာမယ့် 64MP နဲ့ 108MP ကင်မရာတွေ ပါတဲ့ စမတ်ဖုန်း ၂ လုံးဟာ ချိုသာတဲ့ ဈေးတွေနဲ့ စမတ်ဖုန်း လောကကို ဘယ်လို အံ့အားသင့်အောင် လုပ်ပြမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Ref : gsmarena