Qualcomm ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Snapdragon 865 နဲ့ 765 Chipset တွေအတွက် Elite Gaming လို နာမည်ပေးထားတဲ့ Feature အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Feature ကတော့ စမတ်ဖုန်းတွေရဲ့ Firmware Update ကိုစောင့်နေမယ့်အစား အဆိုပါ Chipset တွေရဲ့ GPU Driver တွေကို စွမ်းဆောင်ရည်ပိုကောင်းလာအောင် App ကနေ တစ်ဆင့် Update ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

အခုအချိန်မှာ Xiaomi ရဲ့ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေဖြစ်တဲ့ Mi 10 ၊ Mi 10 Pro နဲ့ Redmi K30 Pro ဖုန်းတွေက အဆိုပါ GPU Driver Update ကို အစောဆုံးအနေနဲ့ရရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ GPU Update ကို Google Play Store အစား Xiaomi ရဲ့ China Version App Store ကနေပဲ ရယူနိုင်ဦးမှာဖြစ်ပါတယ်။

ယခုရရှိလာတဲ့ GPU Driver Update ဟာ PUBG Mobile ၊ Fortnite နဲ့ Honkair Impact 3D Game တွေအတွက် အဓိက Optimize ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Open GL ES နဲ့ Vulkan API ကိုအသုံးပြုထားတဲ့ Game တွေမှာလည်း သိသိသာသာကို စွမ်းဆောင်ရည်ပိုကောင်းလာစေမယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ GPU Driver ကို Update ပြုလုပ်ဖို့အတွက် Mi Chinese App Store ကနေ GPU Driver Updater ဆိုတဲ့ App ကနေ Update ပြုလုပ်ရတာဖြစ်ပါတယ်။ ဒါပေမယ့် Google Play Store မှာ အဆိုပါ App ကို မတွေ့ရှိရသေးတဲ့အတွက် တခြားသော Snapdragon 865 နဲ့ 765 Chipset သုံးထားတဲ့ဖုန်းတွေအနေနဲ့ ဘယ်အချိန်မှ GPU Driver Update ရရှိနိုင်မလဲဆိုတာကလည်း မသိရသေးပါဘူး။

Ref – GSM Arena