နည်းပညာ ဈေးကွက် လေ့လာဆန်းစစ်တဲ့ အဖွဲ့အစည်း Canalys က ၂၀၂၂ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း တစ်ကမ္ဘာလုံး Wearable ရောင်းအား စစ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။ စစ်တမ်းအရ ကွာတား ၁ မှာ Wearable ပေါင်း ၄၁.၇ သန်း ရောင်းချနိုင်ခဲ့ပြီး Fitness Band ပေါင်း ၉.၇ သန်းနဲ့ စမတ်နာရီပေါင်း ၃၂ သန်း ရောင်းချခဲ့ရပါတယ်။

canalys q1 2022 wearables

လက်ရှိမှာ Apple , Huawei နဲ့ Xiaomi တို့ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ Apple က နံပါတ် ၁ နေရာကို ရထားပြီး ဈေးကွက်ဝေစု ၂၂.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ၂၀၂၂ ခုနှစ် ကွာတား  ၁ မှာ Apple Watch အလုံးရေ ၉.၂ သန်း ရောင်းချနိုင်ခဲ့ပြီး အဲဒီ ရောင်းအားထဲမှာ စွမ်းရည်မြင့် Watch Series 7 နဲ့ ဈေးချိုသာတဲ့ Watch SE တို့ ပါဝင်ပါတယ်။

Apple Watch Series 6

Huawei က အရင်နှစ်မှာ နံပါတ် ၃ နေရာကို ရထားခဲ့ပြီး ဒီနှစ်မှာ နံပါတ် ၂ နေရာကို တက်လာပါတယ်။ Fitness Band နဲ့ စမတ်နာရီ ၄.၁ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၁.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ Xiaomi က အရင်နှစ် နံပါတ် ၂ နေရာကနေ နံပါတ် ၃ နေရာကို ကျသွားပြီး ဈေးကွက်ဝေစု ၁၀.၁ ရာခိုင်နှုန်း ရထားပါတယ်။

နံပါတ် ၄ နဲ့ ၅ နေရာမှာ Samsung နဲ့ Fitbit တို့ အသီးသီး ရှိနေပါတယ်။ Samsung ဟာ ဒီနှစ် ကွာတား ၁ မှာ ဈေးကွက်ဝေစု ၈.၁ ရာခိုင်နှုန်းရထားကာ အလုံးရေ ၃.၄ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Google ဝယ်ယူထားတဲ့ Fitbit ဟာ ၂.၉ သန်းရောင်းချထားနိုင်ပြီး ဈေးကွက်ဝေစု ၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

Ref : gizmochina