Nubia Play 5G ဟာ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဆိုထားတာပါ။ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ ကုမ္ပဏီရဲ့ CEO Ni Fei ကိုယ်တိုင်မျှဝေခဲ့တဲ့ Teaser ကတစ်ဆင့် 5,100mAh ဘက်ထရီနဲ့ အားသွင်းစနစ်တွေအကြောင်း သိခဲ့ရသလို ကျောဘက်ကင်မရာ သုံးလုံးပါဝင်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

အခုတော့ Nubia Play 5G ရဲ့ ကျောဘက်ကင်မရာတွေအကြောင်းနဲ့ ဒီကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုပါ တွေ့မြင်လာရတာပါ။ ဒီတစ်ခါမှာတော့ Nubia Play 5G ဟာ ကျောဘက်မှာ ကင်မရာ လေးလုံးတပ်ဆင်ထားတာကိုလည်း သိလိုက်ရပြီဖြစ်သလို ဒီကင်မရာတွေရဲ့ အရည်အသွေးတွေကိုလည်း သိလိုက်ရပြီ ဖြစ်ပါတယ်။

Nubia Play 5G ရဲ့ ကျောဘက်ကင်မရာလေးလုံးမှာ အဓိကကင်မရာဟာ 48MP Sony IMX586 လို့ ယုံကြည်ရပါတယ်။ ကုမ္ပဏီက အတိအလင်းဖော်ပြခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ကင်မရာသုံးလုံးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သိနိုင်ခြင်း မရှိသေးပါဘူး။ Selfie ကင်မရာကတော့ 12MP လို့ သိရပါတယ်။

နမူနာပြသထားတဲ့ ဓါတ်ပုံတွေအရ 48MP အဓိကကင်မရာရဲ့ အရည်အသွေးအပြင် Macro နဲ့ အခြားအသေးစိတ်ရိုက်ကူးနိုင်မှုတွေ၊ အရောင်အသွေး ခွဲခြမ်းစိတ်ဖြာနိုင်မှုတွေ၊ နေ့/ည ရိုက်ကူးခြင်း စွမ်းဆောင်ရည်တွေကို အနည်းငယ်တော့ တွေ့ရှိခံစားနိုင်တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် 12MP selfie ကင်မရာရဲ့ ပုံရိပ်ဖမ်းယူမှုအရည်အသွေးကိုလည်း မြင်တွေ့ရပါတယ်။

Nubia Play 5G မှာ ဘယ်လို Chipset အမျိုးအစားကို သုံးထားမယ်လို့ မသိရသေးပေမယ့် Snapdragon 765G SoC အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ မိတ်ဆက်မယ့်ရက်က တော်တော်လေးကပ်နေပြီဖြစ်တာကြောင့် ဒီရက်ပိုင်းအတွင်း နောက်ထပ်အသေးစိတ်အချက်အလက်တွေထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena