စက်တင်ဘာလ တစ်လတည်းမှာတင် Realme က 7-series ဖုန်းသုံးလုံးဖြစ်တဲ့ Realme 7i ၊ Realme 7 နဲ့ Realme 7 Pro တို့ကို မိတ်ဆက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကုမ္ပဏီက 7-series ထဲကနေ နောက်ထပ် ဖုန်းအသစ်တွေ ရှိနေသေးပုံရပါတယ်။

ယုံကြည်ရတဲ့ Leaker ဖြစ်တဲ့ @stufflistings က Realme 7-series ရဲ့ နောက်ထပ် မော်ဒယ် တစ်ခု အဖြစ် Realme 7 Pro SE ကို လာမယ့် အောက်တိုဘာလရဲ့ ဒုတိယအပတ်မှာ တရားဝင် မိတ်ဆက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ တိတိကျကျ ပြောရရင်တော့ အဲ့ဒီဖုန်းကို အောက်တိုဘာ ၇ ရက်နေ့ ဒါမှ မဟုတ် ၉ ရက်နေ့မှာ မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ သူ့ အရိပ်အမြွတ်ပေးခဲ့ပါတယ်။

အခု လက်ရှိမှာ Realme 7 Pro SE ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အများကြီး မသိရသေးပါဘူး။ ဒါပေမယ့် “SE” ဆိုတဲ့ အတိုင်း ပုံမှန် ပါဝင်တဲ့ Spec တွေကို အနည်းငယ် လျှော့ထားတာမျိုး ဖြစ်နိုင်တဲ့ အပြင် လက်ရှိထွက်ထားတဲ့ Realme 7 Pro ကို အနည်းငယ်ပြောင်းလဲထားတဲ့ Special Edition မော်ဒယ်အဖြစ် ထုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့ မော်ဒယ်နာမည်တစ်ခုတည်းကိုကြည့်ပြီးတော့ ကောက်ချက်ချလို့မရသေးပါဘူး။

Realme 7 Pro SE အပြင် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီက အခြားသော Lifestyle Gadgets ၈ မျိုးကို အိန္ဒိယ နိုင်ငံမှာ တပြိုင်တည်း မိတ်ဆက်သွားဖို့ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ Realme Buds Wireless Pro ၊ Realme 55″ 4K TV ၊ Realme Soundbar ၊ Realme Buds Air Pro ၊ Realme Watch S ၊ Realme Smart ပလပ် ၊ Realme သွားတိုက်တံ နဲ့ Realme 360 Smart ကင်မရာတို့ပဲ ဖြစ်ပါတယ်။

Ref – Playfuldroid