Google ဟာ Pixel Series စမတ်ဖုန်းတွေကို ထုတ်လုပ်နေပြီးတော့ အဲ့ထဲကမှ Pixel A Series ဖုန်းတွေက စျေးသက်သာတဲ့ Series ဖြစ်ပါတယ်။ အခုလည်း ဖုန်းတွေတင်မဟုတ်ဘဲ Wireless Earbuds ကိုပါ စျေးပိုသက်သာတဲ့ A Series အနေနဲ့ မိတ်ဆက်လိုက်ပါပြီ။

ဒါကတော့ Google Pixel Buds A-Series ဖြစ်ပြီး Design ပိုင်းအရ ပြီးခဲ့တဲ့နှစ်တုန်းက ရောင်းချခဲ့တဲ့ Pixel Buds 2nd Generation နဲ့တော်တော်လေးကို ဆင်တူနေတာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အဖြူနဲ့ အစိမ်းရင့်ရောင် ၂ မျိုးမိတ်ဆက်ထားပြီး Google ရဲ့ ပြောကြားချက်အရတော့ အသံအရည်အသွေးပိုင်းမှာလည်း Pixel Buds 2nd Gen နဲ့ တူညီတယ်လို့ သိရပါတယ်။

Pixel Buds A-Series Wireless Earbuds တွေဟာ Swipe Gesture ကလွဲပြီး ကျန်တဲ့ Touch Control တွေကို Support လုပ်မှာဖြစ်သလို Wear Detection Feature လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ “Hey Google” Voice Commend ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး IPX4 Water Resistant လည်းဖြစ်ပါသေးတယ်။ အဲ့ဒီအတွက် Feature ပိုင်းမှာ Google Pixel Buds 2nd Gen မှာပါဝင်တဲ့ Adaptive Sound နဲ့ Attention Alerts လောက်ပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။

Battery Life အနေနဲ့ တစ်ကြိမ်အားသွင်းထားရင် ၅ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့တွဲမယ်ဆိုရင်တော့ ၂၄ နာရီအသုံးပြုနိုင်မှာပါ။ အားပြန်သွင်းတဲ့အချိန်မှာတော့ Wireless Charging Support ပြုလုပ်တော့မှာမဟုတ်ဘဲ USB-C ကနေပဲ အားသွင်းရမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Google Pixel Buds A-Series Wireless Earbuds တွေကို ၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး ယခင် Pixel Buds 2nd Gen ရဲ့ စျေးနှုန်းဖြစ်တဲ့ ၁၇၉ ဒေါ်လာနဲ့ယှဥ်မယ်ဆိုရင် ထက်ဝက်နီးပါးသက်သာနေတာဖြစ်ပါတယ်။

Ref – The Verge