Google ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Google I/0 2021 Event မှာ Smartwatch Wearable တွေအတွက် ထုတ်လုပ်ထားတဲ့ Wear OS ကို Samsung ရဲ့ Tizen OS နဲ့ ပူးပေါင်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Google I/O 2021 Event မှာ Google ရော Samsung ဆီကပါ Smartwatch အသစ်တွေကို မိတ်ဆက်သွားခဲ့ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ Samsung ကနေ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် Samsung Galaxy MWC Virtual Event မှာ Smartwatch အသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ အဆိုပါ Samsung Smartwatch အသစ်တွေဟာ ပထမဆုံးအနေနဲ့ Google Wear OS နဲ့ ပေါင်းစပ်ထားတဲ့ OS အသစ်ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Samsung ဟာ အခုနောက်ပိုင်းမှာ Google နဲ့ ပူးပေါင်းမှုတွေ အများအပြားသိသိသာသာပြုလုပ်လာပါတယ်။ လာမယ့်နှစ်ကုန်ပိုင်းမှာ ထွက်ရှိဖို့ရှိနေတဲ့ Google Pixel 6 အတွက်လည်း ကိုယ်ပိုင် Codename Whitechapel Chipset ကိုလည်း Samsung ကနေ ထောက်ပံ့ပေးထားတာဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Smartwatch တွေဟာ Google Wear OS နဲ့ ပူးပေါင်းလိုက်တဲ့အတွက် ပိုပြီး Android Devices တွေနဲ့ အသုံးပြုတဲ့အချိန်မှာ ပိုပြီးအဆင်ပြေလာနိုင်ပါတယ်။ နောက်ပိုင်း Google ကနေ ထုတ်လုပ်လာနိုင်တဲ့ Google Pixel Smartwatch ဟာလည်း အလားတူ OS ကိုပဲ အသုံးပြုဖွယ်ရှိနေပါတယ်။

Ref – The Verge