Google ရဲ့ နောက်ထုတ်မယ့် Pixel 6 Series နဲ့ Pixel 5a 5G တို့ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဒါပေမယ့် Google ဒီနှစ်ထဲ ကြေညာဖို့ ရှိနေတဲ့ ဟာ့ဒ်ဝဲ ထုတ်ကုန်တွေထဲမှာ Pixel 6 Series နဲ့ Pixel 5a 5G အပြင် နောက်ထပ်ထုတ်ကုန်အသစ် တစ်ခု ရှိနေပါသေးတယ်။ အဲဒါက လူတွေ သိပ်သတိမထားမိတဲ့ Foldable Pixel ဖုန်း ဖြစ်ပါတယ်။ Google ရဲ့ Foldable စမတ်ဖုန်း ဒီနှစ်ထဲ ထွက်လာမယ်ဆိုတာ ပြန်ပြီး သတိပေးချင်ပါတယ်။

Display Supply Chain Consultants (DSCC) ရဲ့ စီအီးအို ဖြစ်သူ Ross Young က Google ရဲ့ Foldable Pixel ဖုန်းကို ဒီနှစ်ထဲ ရောင်းချမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ် ပေါက်ကြားထွက်ပေါ်နေခြင်း မရှိသေးပေမယ့် အောက်တိုဘာလလောက်မှာ ရောင်းချနိုင်ပါတယ်။ Pixel 6 Series ရဲ့ Specification တွေနဲ့ ဓါတ်ပုံတွေကတော့ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။

Google ရဲ့ Foldable ဖုန်း ကို Pixel Fold လို့ နာမည် ပေးထားမယ်လို့ သတင်းထွက်နေပေမယ့် မသေချာသေးပါဘူး။ Google ဟာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Device တစ်ခုကိုလည်း ဖန်တီးနေတယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်ခဲ့ပါတယ်။ အဲဒါက Pixel Roll ဖြစ်ပြီး နာမည်အရ ဆိုရင် Rollable မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Device ကို ၂၀၂၂ ခုနှစ်ကျမှ ကြေညာနိုင်ပါတယ်။

Rollable ဖုန်း နမူနာမော်ဒယ်များစွာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပြီးပြီ ဖြစ်ပေမယ့် ဈေးကွက်ထဲ ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။ LG Rollable ကို ဒီနှစ်ထဲ ရောင်းချမယ်လို့ ထင်ခဲ့ကြပေမယ့် LG က စမတ်ဖုန်း လုပ်ငန်းကို ရပ်နားလိုက်ပြီဖြစ်တဲ့အတွက် ခဲလေသမျှ သဲရေကျခဲ့ရပြန်ပါတယ်။ နောက်နှစ်ထဲ Rollable စမတ်ဖုန်း ကြေညာမယ့်အထဲမှာ Samsung လည်း နာမည်ထွက်နေပါတယ်။

Ref : gizmochina