Facebook ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Meta Platform ဟာ လူပေါင်း ၄၄ သန်းရဲ့ Personal Data တွေကို အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်မှာ တရားစွဲဆိုခံလိုက်ရပြီး လျော်ကြေးငွေ စတာလင်ပေါင် ၂.၃ ဘီလီယမ် တောင်းဆိုထားပါတယ်။ Facebook ဟာ ဈေးကွက်မှာ ဗိုလ်ကျစိုးမိုးဖို့အတွက် အဲဒီ Data တွေကို အသုံးချခဲ့တယ်လို့ ပြောပါတယ်။
ဗြိတိန်ရဲ့ Financial Conduct Authority (FCA) မှ အကြီးတန်း အကြံပေး ဖြစ်သူ Liza Lovdahl-Gormsen က ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း Facebook အသုံးပြုသူ ဗြိတိန် လူမျိုးအားလုံးရဲ့ ကိုယ်စား Facebook ကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ Facebook ဟာ မမျှတတဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို User တွေအတွက် သတ်မှတ်ထားပြီး User တွေရဲ့ တန်ဖိုးရှိတဲ့ Personal Data ကို ကောက်ယူခြင်းဖြင့် စတာလင်ပေါင် ဘီလီယမ်ပေါင်းများစွာကို ရှာဖွေထားတယ်လို့ တရားလိုက စွပ်စွဲထားပါတယ်။
Lovdahl-Gormsen က “ Facebook ဟာ ဗြိတိန်မှာ လူသုံးအများဆုံး လူမှုကွန်ရက် ၁ ခု ဖြစ်ပြီး မိသားစုတွေ၊ သူငယ်ချင်းတွေ ဆက်သွယ်စကားပြောကြတဲ့အခါ Facebook ကို အဓိက အသုံးပြုကြပါတယ်။ ဒါပေမယ့် Facebook မှာ User တွေအတွက် မကောင်းတဲ့ အချက်တွေရှိနေပါတယ်။ ကြော်ငြာရှင်တွေက သူတို့ Customer တွေရဲ့ အပြုအမူတွေကို ခြေရာခံ ထောက်လှမ်းလို့ရတဲ့ Facebook Pixel Tool ကနေ Personal Data တွေကို Facebook က ရယူနေပါတယ်။ “ လို့ ပြောပါတယ်။
Facebook က “ လူတွေအတွက် အကျိုးရှိအောင်ပြုလုပ်ပေးထားတဲ့အတွက် Facebook ကို အသုံးပြုကြတာ ဖြစ်ပါတယ်။ Meta ပလက်ဖောင်းမှာ မျှဝေချင်တဲ့ သတင်းအချက်အလက်တွေကို User တွေက ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်ပါတယ်။ ဘယ်သူတွေကို Data တွေ မျှဝေမလဲ ဆိုတာကိုလည်း စီမံခန့်ခွဲနိုင်ပါတယ်။“ လို့ ပြောထားပါတယ်။
Ref : gsmarena