အမေရိကန် အိုလံပစ်နဲ့ မသန်စွမ်း အားကစား ကော်မတီက နောက်လ ကျင်းပမယ့် ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲကို ယာယီသုံး ဖုန်းနဲ့ လက်ပ်တော့တွေပဲ ယူဆောင်သွားဖို့ အားကစားသမားတွေကို တိုက်တွန်းထားပါတယ်။ အလားတူ တိုက်တွန်းမှုမျိုးကို ကနေဒါ၊ နယ်သာလန်နဲ့ ဗြိတိန်ရဲ့ အမျိုးသား အိုလံပစ် ကော်မတီတွေကလည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အမေရိကန် အားကစားသမားတွေကို သတိပေးချက် ပေးပို့ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလမှာ နောက် ၁ ကြိမ် သတိပေးခဲ့ပါတယ်။ ဘေဂျင်း အိုလံပစ်ပွဲမှာ တရုတ်ရဲ့ စုံစမ်းထောက်လှမ်းတာတွေ ဖြစ်လာနိုင်တဲ့အတွက် ကိုယ်ပိုင် ဖုန်းနဲ့ လက်ပ်တော့တွေကို မယူသွားဖို့ သတိပေးချက်မှာ ရေးသားထားပါတယ်။
အမေရိကန် အိုလံပစ်နဲ့ မသန်စွမ်း အားကစား ကော်မတီက “ စာသား၊ အီးမေး၊ အွန်လိုင်း လည်ပတ်မှုနဲ့ Application အသုံးပြုမှု အားလုံးကို စုံစမ်းထောက်လှမ်းခံရနိုင်ပါတယ်။ သင့် Device မှာ Malicious Software တွေ ထည့်သွင်းနိုင်တဲ့အတွက် အနာဂတ်မှာ လုံခြုံမှု လုံးဝ မရှိနိုင်ပါဘူး။ “ လို့ ရေးသားထားပါတယ်။
အမေရိကန် စိုးရိမ်ချင်လည်း စိုးရိမ်စရာပါ။ တရုတ်ဟာ နည်းပညာ အသုံးပြုပြီး သူ့ နိုင်ငံသားတွေကို စုံစမ်းထောက်လှမ်းတာနဲ့ လူမှုကွန်ရက်တွေကို ပိတ်ပင်ရာမှာ နာမည်ကြီးပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လမှာ ဆန်ဖရန်စစ္စကို အခြေစိုက် ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်း Lookout က တရုတ် ဟက်ကာ အဖွဲ့တွေဟာ Android Malware ကို သုံးကာ ကမ္ဘာအဝန်းက လူနည်းစု မျိုးနွယ်တွေဆီက ဒေတာတွေ ရယူနေတယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံရေး ခေါင်းဆောင်တွေက ဘေဂျင်း အိုလံပစ် လာတဲ့ သူတွေကို ဒစ်ဂျစ်တယ် ယွမ် ပေးချေနိုင်တဲ့ ဝန်ဆောင်မှု ပေးသုံးထားတဲ့ တရုတ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်နေပါတယ်။ အဲဒီ e-CNY Wallet App ကို တရုတ် App Store ကနေ iPhone နဲ့ Android အတွက် Download လုပ်နိုင်ပါတယ်။
နယ်သာလန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန် အပါအဝင် နိုင်ငံတချို့ကလည်း ဘေဂျင်း အိုလံပစ်ကို ယာယီသုံး Device တွေပဲ ယူသွားဖို့ ဆုံးဖြတ်ထားပြီး ဘေဂျင်းကနေ မိခင် နိုင်ငံ ပြန်ရောက်တာနဲ့ အဲဒီ Device အားလုံးကို ဖျက်ဆီးကြမှာပါ။
Ref : androidcentral