အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့၊ မန်ဟက်တန် ရပ်ကွက်ရှိ Apple Store တစ်ခုရဲ့ အပြင်ဘက်မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါလုယက်မှုကြောင့် Apple ရဲ့ iPhone ကို လက်လီပြန်လည်ရောင်းချသူတစ်ဦးဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့လိုက်ရတယ်လို့ Gizmochina က ဖော်ပြထားပါတယ်။

အမည်မဖော်လိုသူ အသက် ၂၇ နှစ်အရွယ် အမျိုးသားဟာ မန်ဟက်တန်ရဲ့ Fifth Avenue က Apple Store ကနေ iPhone 13 အလုံးရေ ၃၀၀ ကို ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ Apple Store အပြင်ဘက်မှာ လူနှစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး iPhone ၁၂၅ လုံးလောက် ပါဝင်တဲ့ အိတ်ကို အလုခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဆိုပါလုယက်မှုဖြစ်စဉ်ဟာ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့ နယူးယော့ခ် ရဲဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လုယက်ခံရတဲ့ အမျိုးသားကတော့ ကံကောင်းထောက်မစွာနဲ့ ဒဏ်ရာအပြင်းအထန်မရရှိခဲ့ဘဲ မျက်နှာမှာပဲ ထိုးကြိတ်ဒဏ်ရာအချို့ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အလုခံရတဲ့ အမျိုးသားဟာ iPhone တွေကို အိတ်သုံးလုံးနဲ့ထည့်သယ်လာပြီး သူ့ရဲ့ကားပေါ်တင်နေချိန်မှာ အခြားကားတစ်စီးပေါ်က အမျိုးသားနှစ်ယောက်ဆင်းလာပြီး လုယက်သွားတာလို့ သိရပါတယ်။ လုယက်သူအမျိုးသားနှစ်ယောက်ကတော့ ကားပေါ်ကဆင်းလာပြီး လုယက်ခဲ့သလို၊ သူတို့ဆင်းလာတဲ့ကားပေါ်ပဲ ပြန်တက်ပြီးထွက်ခွာသွားတယ်လို့ သိရပါတယ်။ လုယက်ခံရသူဟာ iPhone တွေကို တစ်ဆင့်ပြန်လည်ရောင်းချဖို့အတွက် ပုံမှန်ဆိုသလို iPhone အမြောက်အများကို လာရောက်ဝယ်ယူလေ့ရှိသူဖြစ်တယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ လုယက်ခံရတဲ့ iPhone 13 တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ $95,000 ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါလုယက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပေမဲ့ နယူးယောက်ခ်ရဲဌာနကတော့ ဖမ်းဆီးမှုတစ်စုံတရာကို ထုတ်ပြန်ကြေညာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ဝယ်ယူသူဟာ မနက် ၂ နာရီနီးပါးအချိန်ကို ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရသေးသလို၊ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို အထောက်အကူဖြစ်စေမဲ့ CCTV မှတ်တမ်းတွေ Apple မှာ ရှိ၊ မရှိဆိုတာကိုလည်း မသိရသေးပါဘူး။

Ref: Gizmochina