နှစ်သစ်ကို လူသစ်၊ စိတ်သစ်နဲ့ စတင်ဖို့ကြိုးစားနေကြရင် ဖုန်းကိုလည်း အသစ်ဖြစ်အောင် လုပ်ထားသင့်ပါတယ်။ ဖုန်းအသစ်ဝယ်စရာမလိုပါဘူး။ လက်ရှိကိုင်နေတဲ့ဖုန်းလေးကိုပဲ အသစ်လိုဖြစ်သွားအောင် သန့်ရှင်းရေးလုပ်ဖို့ အကြံပေးပါရစေ။ အထူးသဖြင့် Android ဖုန်းတွေဟာ ကားတစ်စီးလိုပဲ အမြဲတမ်းပဲ ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ လိုအပ်နေပါတယ်။

ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့က မခက်ပါဘူး။ အခု Article မှာ အကြံပေးထားတဲ့အချက် ၅ ချက်ကို လုပ်ကြည့်ရုံပါပဲ။ ဒါဆိုရင် စာဖတ်သူရဲ့ဖုန်းလေးဟာ အသစ်လို့ ခံစားရလောက်အောင် ပေါ့ပါးသွက်လက်သွားပါလိမ့်မယ်။

၁။ မသုံးဘဲထားတဲ့ Apps တွေကို ဖျက်ပစ်ပါ
ပင်မမျက်နှာပြင်၊ ဒါမှမဟုတ် ဖုန်းရဲ့ App drawer ကို မိနစ်အနည်းငယ်အချိန်ယူပြီးမွှေနှောက်ကြည့်ပါ။ အသုံးမပြုဘဲ ထည့်သွင်းထားတဲ့ App တွေက တစ်ခု၊ နှစ်ခုထက် ပိုနေတတ်တာကို တွေ့ရပါလိမ့်မယ်။ လိုရမည်ရဆိုပြီး ထည့်ထားတဲ့ App တွေဟာ ဖုန်းရဲ့ နေရာလွတ်တွေကို ဖြုန်းတီးရုံတင်မကပါဘူး။ နောက်ကွယ်ကနေ Run နေရင် RAM နဲ့ Internet Data စားသုံးမှုတွေလည်း ရှိနေတတ်ပါတယ်။ တချို့ App တွေက စတင်ဖွင့်လှစ်ချိန်မှာ အတည်ပြုထားတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေလည်း ရှိနေသေးတာ ဖြစ်ပါတယ်။

၂။ Storage ပိုထွက်လာအောင် ဖိုင်အဟောင်းတွေ ဖျက်ပစ်ပါ
တစ်ခါတလေမှာ ဟိုးတုန်းက ဖိုင်အဟောင်းတွေကို ပြန်တွေ့ရင်တောင် ဘာအတွက် ထည့်ထားမိမှန်းမသိတာမျိုး ဖြစ်တတ်ပါတယ်။ ကြုံရာကျပန်း ဒေါင်းလုဒ်ဆွဲထားတာတွေ ပွထနေရင် တကယ်တမ်း အလုပ်လုပ်တဲ့အခါ မလိုအပ်ဘဲ အချိန်ပိုသုံးရတာမျိုး ဖြစ်တတ်ပါတယ်။ ထပ်နေတဲ့ ပုံတွေ၊ ရှုပ်နေတဲ့ GIF ဖိုင်တွေကို ပြတ်ပြတ်သားသားသာ ဖျက်ပစ်လိုက်ပါ။ ဒီအတွက် My Files, File Manager တို့လို App တွေအသုံးပြုနိုင်ပါတယ်။

၃။ အသွင်အပြင်သစ်အတွက် Home Screen settings ကို ပြင်ဆင်ပါ
ဖုန်းရဲ့ အသွင်အပြင်တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သလိုဖြစ်သွားအောင်၊ ကိုယ့်စိတ်ထဲမှာ ဖုန်းအသစ်တစ်လုံးကို ကြည့်နေရသလို ခံစားရအောင်လုပ်တဲ့ အလွယ်ဆုံးနည်းလမ်းက ဖုန်းရဲ့ Home Screen Setting ဒါမှမဟုတ် Wallpaper ကို ပြောင်းလဲလိုက်တာပါပဲ။ Launcher ဒါမှမဟုတ် Theme တွေကို အပြောင်းအလဲလုပ်ပြီး အမြင်အာရုံကို အပြောင်းအလဲဖြစ်စေတာကတစ်ဆင့် စိတ်ကိုပါ အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်မြင်နေကျ၊ သုံးနေကျ Setting ကနေ ကွဲလွဲသွားအောင် လုပ်ခြင်းအားဖြင့် အသစ်တစ်ခုလို ခံစားရစေပါတယ်။

၄။ Device Setting တွေကို စိတ်ကြိုက်ပြင်ပါ
တစ်ခါတရံမှာ တချို့ Setting တွေက သုံးရတာ ကသိကအောက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တခုတ်တရ အချိန်ပေးပြီး ပြင်ဆင်လေ့မရှိတတ်ကြပါဘူး။ အသုံးပြုချိန် အဆင်မပြေမှပဲ သတိရပြီး နောက်တော့လည်း ပြောင်းလဲလိုက်ဖို့ မေ့သွားတတ်ကြပါတယ်။ အခုတော့ တစ်လက်စတည်း အချိန်ပေးပြီးတော့ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဘယ် Setting ကိုမဆို ပြင်လိုက်ပါ။ ဥပမာ Night Mode ကို အချိန်နဲ့ စီမံခန့်ခွဲထားတာ၊ Eye comfort လို လုပ်ဆောင်ချက်တွေကို စိတ်ကြိုက် ချိန်ညှိထားတာမျိုးပါ။

၄။ Privacy Option ကို စိတ်ကြိုက်ပြင်ပါ
နောက်ဆုံးအနေနဲ့ ဖုန်းမှာအသုံးပြုတဲ့ လျှို့ဝှက်ဆက်တင်တွေကို နှစ်ခါပြန်စစ်ဆေးပါ။ Privacy > Permissions Manager ထဲဝင်ပြီး တစ်ခါတည်း ဝင်စစ်ဆေးပါ။ ပြင်စရာရှိရင် ပြင်ပါ။ ဒီတစ်ခါအချိန်ပေးတာ တစ်နှစ်လုံးစာအတွက်လည်း ဖြစ်သွားနိုင်ပါတယ်။

Ref: CNet