Huawei ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံတွင်းမှာ Huawei Mate 60 Pro Flagship ဖုန်းကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Huawei Mate 60 Pro ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ Satellite Calling စနစ်ကို အသုံးပြုနိုင်တဲ့ဖုန်းတွေဖြစ်သလို Camera ပိုင်း၊ ဒီဇိုင်းပိုင်းကိုလည်း သေချာအာရုံစိုက်ထားတာဖြစ်ပါတယ်။

အဲ့ဒီထက် ထူးခြားတာက Huawei ဟာ Mate 60 Pro ဖုန်းကို ကြိုတင်ကြေညာခြင်းမရှိဘဲ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချခဲ့တာဖြစ်ပြီး စျေးနှုန်းအရလည်း RAM 12GB + 512GB Model ကို တရုတ်ယွမ်ငွေ ၇,၀၀၀ (မြန်မာငွေ ၃၆ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Huawei ဟာ Mate Series Flagship ဖုန်းတွေကို တရုတ်နိုင်ငံပြင်ပစျေးကွက်မှာပါ မိတ်ဆက်ရောင်းချပေမယ့် ယခု Mate 60 Pro ဖုန်းကိုတော့ တရုတ်နိုင်ငံပြင်ပမှာ လုံးဝရောင်းချသွားမှာမဟုတ်ဘူးဆိုပြီး Huawei ကိုယ်တိုင်က တရားဝင်ငြင်းဆိုလိုက်ပါတယ်။ ဘာကြောင့် အခုလိုမျိုး နိုင်ငံတကာစျေးကွက်မှာ မရောင်းချတာလဲဆိုတာကိုလည်း ပြောကြားခြင်းမရှိခဲ့ပါဘူး။

ဖြစ်နိုင်တာတစ်ခုက Huawei Mate 60 Pro ဖုန်းဟာ Huawei ရဲ့ ကိုယ်ပိုင် Kirin 9000s Chipset ကို ပြန်လည်အသုံးပြုလာတာကြောင့်ဖြစ်နိုင်ပြီး ကိုယ်ပိုင် 5G Chipset ကိုပါ အသုံးပြုထားတာကြောင့်ဖြစ်နိုင်ပါတယ်။ Huawei Mate 60 Pro အပြင် Huawei Mate 60 ဖုန်းကိုပါ မိတ်ဆက်ထားခဲ့တာကြောင့် အဆိုပါ Mate 60 ဖုန်းကိုလည်း နိုင်ငံတကာစျေးကွက်မှာ မိတ်ဆက်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena