Apple ဟာ ယခုနှစ်အတွင်းမှာ $3,499 တန် Mixed Reality Headset ဖြစ်တဲ့ Apple Vision Pro ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ Apple က အဆိုပါ Vision Pro Headset ကို ၂၀၂၄ ခုနှစ်အတွင်းမှာ ရောင်းချဖို့စီစဥ်ထားတယ်လို့ပဲ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ မိတ်ဆက်လာနိုင်တဲ့အချိန်က ပေါက်ကြားလာခဲ့ပါပြီ။
ယခုသတင်းကို Bloomberg Media မှ Mark Gurman က ပြောကြားခဲ့တာဖြစ်ပြီး Apple Vision Pro ဟာ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက Apple ဟာ Vision Pro ကို ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်နိုင်ဖို့ စီစဥ်နေတာဖြစ်ပေမယ့် ဖြန့်ချိမှုအပိုင်းတွေနဲ့ နောက်ဆုံးအကြိမ် စမ်းသပ်စစ်ဆေးမှုတွေမှာ ပုံမှန်ထက် အချိန်နောက်ကျနေတာကြောင့် အခုလို လအနည်းငယ်ရွေ့ဆိုင်းထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Apple ဟာ Vision Pro Headset ကို Website အပြင် Retail Store တွေမှာ ကြိုတင်ချိန်းဆိုမှုပြုလုပ်ပြီးမှ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် စစခြင်းမှာ သတ်မှတ်ထားတဲ့ Apple Store တွေကလွဲပြီး ကျန်တဲ့ Third-party အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ဦးမှာမဟုတ်ပါဘူး။
Apple Vision Pro ကို ဝယ်ယူမယ်ဆိုရင် Apple Store မှာ ကိုယ့်ဦးခေါင်းပုံစံအပေါ်လိုက်ပြီး မတူညီတဲ့ Headband အမျိုးအစားတွေကို ရွေးချယ်ရမှာဖြစ်သလို တကယ်လို့ မျက်မှန်တပ်တဲ့သူဆိုရင်လည်း Prescription Lenses တွေကိုပါ ထပ်မံဝယ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Apple Vision Pro ကို လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ တရားဝင်မြင်တွေ့ရတော့မှာပါ။
Ref – GSM Arena