Realme က 15000mAh ဘက်ထရီပမာဏပါဝင်တဲ့ နမူနာ ဖုန်းကို တရားဝင်မိတ်ဆက်ပြသလိုက်ပါတယ်။ ကုမ္ပဏီက သူ့ရဲ့ Weibo စာမျက်နှာမှာ ကြော်ငြာဓာတ်ပုံနဲ့ teaser ဗီဒီယိုကို မျှဝေခဲ့ပြီး ဖုန်းရဲ့ ဒီဇိုင်းအပြည့်အစုံကို ဖော်ပြခဲ့သလို အလွန်ကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းအကြောင်းကိုလည်း အသားပေးပြောကြားခဲ့ပါတယ်။
အဲဒီဖုန်းမှာ အလျားလိုက်တပ်ဆင်ထားတဲ့ ကင်မရာနှစ်လုံး၊ cyber-texture ပုံစံပါတဲ့ အဖြူရောင်ကျောဘက်ဒီဇိုင်းနဲ့ ကျောဘက်မှာ ထင်ရှားစွာရေးသားထားတဲ့ “15000mAh” စာတန်းတို့ ပါဝင်ပါတယ်။ Realme ရဲ့ အဆိုအရ DOU benchmark စံနှုန်းနဲ့ စမ်းသပ်ချက်တွေအရ ဖုန်းကို တစ်ခါအားသွင်းထားရုံနဲ့ ငါးရက်အထိ အသုံးခံနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗီဒီယိုကို ၁၈ နာရီဆက်တိုက် ရိုက်ကူးနိုင်ပြီး ဗီဒီယိုတွေကို နာရီ ၅၀ အထိ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
သတင်းပေးသူတစ်ဦးဖြစ်တဲ့ Digital Chat Station ကလည်း အဲဒီဖုန်းကို လက်တွေ့အသုံးပြုနေတဲ့ ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာ ဖုန်းရဲ့ ရှေ့နဲ့နောက် ဒီဇိုင်းနှစ်ခုလုံးကို မြင်တွေ့နိုင်ပြီး အဓိကအချက်အလက်တွေကိုလည်း အတည်ပြုပေးထားပါတယ်။ ဒီဖုန်းမှာ ၆.၇ လက်မ display၊ 12GB RAM၊ 256GB storage တို့ပါဝင်ပြီး MediaTek ရဲ့ Dimensity 7300 processor ကို အသုံးပြုထားပါတယ်။
ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီဖုန်းဟာ တူညီတဲ့ ဘက်ထရီပမာဏရှိတဲ့ သာမန် power bank တွေထက် ၄၂% ပိုပါးပြီး ၆၈% ပိုပေါ့ပါးတယ်လို့ ဆိုပါတယ်။ ဒီလောက်ကြီးမားတဲ့ ဘက်ထရီကို ထည့်သွင်းထားပေမယ့် စမတ်ဖုန်းရဲ့ အထူက ၈.၈၉ မီလီမီတာပဲ ရှိပါတယ်။ ဒီလိုပါးလွှာတဲ့ ဒီဇိုင်းကို ဘက်ထရီအတွက် ပစ္စည်းအသစ်တွေသုံးထားတာနဲ့ အဆင့်မြင့် အတွင်းပိုင်းအင်ဂျင်နီယာနည်းပညာတွေကြောင့် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
Realme ရဲ့ အဆိုအရ ဒီဖုန်းမှာ ဆီလီကွန် ၂၅% ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး all-silicon content anode ဘက်ထရီကို အသုံးပြုထားပါတယ်။ ဒါကို စံချိန်တင်မြင့်မားတဲ့ 1200Wh/L ရှိတဲ့ စွမ်းအင်သိပ်သည်းဆနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘက်ထရီဒီဇိုင်းကို အလွန်သေးငယ်အောင် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဖုန်းရဲ့ mainboard က ၂၃.၄ မီလီမီတာပဲရှိပြီး အဆင့်မြင့် lamination နည်းပညာတွေက ဘက်ထရီအထူကို ၆.၄၈ မီလီမီတာအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဒီဖုန်းမှာ reverse charging စနစ်လည်း ပါဝင်တဲ့အတွက် နားကြပ်၊ ဒရုန်း ဒါမှမဟုတ် ကားထဲသုံး ရေခဲသေတ္တာအသေးစားလေးတွေလို ပစ္စည်းတွေကိုတောင် အားပြန်သွင်းပေးနိုင်ပါတယ်။
ဒါဟာ Realme အတွက် ဘက်ထရီပမာဏများတဲ့ နမူနာဖုန်းမော်ဒယ်တွေကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသတာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီက အရင်ကလည်း “GT 10000mAh” လို့သိကြတဲ့ နမူနာဖုန်းကို ပြသခဲ့ဖူးပြီး အဲဒီဖုန်းမှာ 10000mAh ဘက်ထရီကို ၈.၅ မီလီမီတာအထူနဲ့ ၂၁၅ ဂရမ်အလေးချိန်ရှိတဲ့ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။
Realme က 15,000mAh ဖုန်းကို မနက်ဖြန် သြဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီမှာ ကျရောက်မယ့် ၇ နှစ်ပြည့် နှစ်ပတ်လည် livestream အခမ်းအနားမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ အတည်ပြုထားပါတယ်။
Ref: gizmochina