အရင်ကထွက်ခဲ့ဖူးတဲ့ iPhone တွေနဲ့မတူဘဲ iPhone 18 Pro Max ဟာ အားသွင်းမြန်နှုန်းမှာ အံ့မခန်း တိုးတက်လာပါတယ်။ နာမည်ကြီး သတင်းရင်းမြစ်ဖြစ်တဲ့ Ice Universe ရဲ့ ဖော်ပြချက်အရ ဘက်ထရီ ၀ ကနေ ၅၀ ရာခိုင်နှုန်းကို ရောက်ဖို့ ၁၅ မိနစ်ပဲ အချိန်ယူရမှာပါ။ အဲဒီအချက်ကို Apple ကိုယ်တိုင်ကလည်း မိတ်ဆက်ပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

စမ်းသပ်ချက်တွေအရ ၁၀ မိနစ်လောက် အားသွင်းရုံနဲ့ ၃၄ ရာခိုင်နှုန်းအထိ ရရှိမှာဖြစ်ပြီး ၅၅ မိနစ်မှာတော့ ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း အပြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားသွင်းတဲ့ဖြစ်စဉ် လုံးဝရပ်တန့်သွားဖို့ကတော့ ၇၆ မိနစ် ကြာမြင့်မှာပါ။ အရင် iPhone 17 Pro Max မှာ အမြင့်ဆုံး အားသွင်းနှုန်း 35W ပဲရှိခဲ့ပေမဲ့ အခု မော်ဒယ်သစ်မှာတော့ 52W အထိ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

ဒီလိုမျိုး အားသွင်းမြန်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ဘက်ထရီအရွယ်အစား ပိုကြီးလာတာအပြင် စွမ်းအင်အသုံးချမှု ပိုကောင်းတဲ့ 2nm chip အသစ်ကို သုံးထားလို့ပဲ ဖြစ်ပါတယ်။ ပြိုင်ဘက် Galaxy S26 Ultra က ၄၃ မိနစ်နဲ့ ၁၀၀ ရာခိုင်နှုန်း ပြည့်တဲ့အတွက် ပိုမြန်နေသေးပေမဲ့ iPhone ရဲ့ ဘက်ထရီက ပိုကြီးတာကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
Ref : gsmarena